ရန်အောင်မင်္ဂလာကင်းဘုရားကြီး

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ လမ်းမတော်လမ်းတွင် တည်ရှိပါသည်။ သာသနာတော်နှစ် ၁၂၆ ခုနှစ် (ဘီစီ ၄၁၈)တွင် ဒွတ္တပေါင်မင်းကြီးသည် ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဒုတိယမြောက် ဘုရားဒကာအဖြစ် တည်ထားကိုးကွယ်ခဲ့ပြီးသည့်နောက် မင်းကြီး၏ မြောက်နန်းမတော် ဥမ္မာရဒေဝီက ရန်အောင်မင်္ဂလာကင်းဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့ပါသည်။ သက္ကရာဇ် ၆၀၄ ခုနှစ် (ခရစ်နှစ် ၁၂၄၂) တွင် ပြည်မြို့ထီးနန်းကိုစိုးစံသော ပြည်မင်းသီဟသူက ရန်အောင်မင်္ဂလာကင်းဘုရားကြီးကို ဒုတိယမြောက်ဘုရားဒကာအဖြစ် ပြုပြင်မွမ်းမံခဲ့သည်။ သက္ကရာဇ် ၇၃၉ခုနှစ် (ခရစ်နှစ် ၁၃၇၅) တွင် မင်းကြီးမျက်နှာရှည်က တတိယမြောက် ဘုရားဒကာအဖြစ်လည်းကောင်း၊ သက္ကရာဇ် ၈၄၄ ခုနှစ် (ခရစ်နှစ် ၁၄၇၉) တွင် ထီးနန်းစိုးစံသော ဆင်ဖြူရှင်သတိုးမင်းစောက စတုတ္တမြောက် ဘုရားဒကာအဖြစ်လည်ကောင်း ပြုပြင်မွမ်းမံတည်ထားကိုးကွယ်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကြောင့် စေတီတော် ပြိုကျပျက်စီးခဲ့သည်။ သက္ကရာဇ် ၁၃၁၄ ခုနှစ်၊ ကဆုန်လဆုတ် ၂ ရက်နေ့တွင် အများပြည်သူကောင်းမှုဖြင့် စေတီတော်ကြီးအား အသစ်ပြန်လည် တည်ထားကိုးကွယ်ရန် ပန္နက်ချ၍ သက္ကရာဇ် ၁၃၁၈ ခုနှစ်၊ ကဆုန်လဆုတ် ၁၁ ရက်တွင်စေတီတော်အသစ်အား စတင်တည်ထားခဲ့ကြရာ သက္ကရာဇ် ၁၃၂၂ ခုနှစ်၊ တန်ခူးလတွင် ပြီးစီးခဲ့ပါသည်။ စေတီတော်၏ ပုံသဏ္ဌာန်မှာ ကုလားကျောင်းခံ အဆောက်အအုံပေါ်တွင် စေတီလုံးပေါက်ထားပြီး စေတီအတွင်းတွင် လိုဏ်ပတ်လမ်းရှိကာ စေတီ၏ ပတ်လည်တွင် အရံစေတီ ၁၆ ဆူရှိပါသည်။ ပုဂံရှိ အာနန္ဒာဘုရားပုံစံကို အတုယူ တည်ထားခြင်းဖြစ်ပါသည်။ ခေတ်အဆက်ဆက်ပြုပြင် တည်ဆောက်ခဲ့ကြသဖြင့် ယခုအခါ စေတီတော်သည် ခေတ်သစ်လက်ရာ စေတီတစ်ဆူအဖြစ် ဖူးမြင်တွေ့ရပါသည်။