ပန်းချီ ဦးဘကြည် (၁၉၁၂ - ၂၀၀၀)

Listing Description

၁၉၁၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျိုက်ထိုမြို့၌ မွေးဖွားသည်။ အဖ ဦးဘိုးအင်၊ အမိဒေါ်အေးမေဖြစ်သည်။ ငယ်စဉ်ကပင် ဝါသနာပါရာ ပန်းချီပညာကို လေ့လာဆည်းပူးခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် အိုင်အက်စီတန်း အောင်မြင်ခဲ့သည်။ ဆရာဖြစ်သင်တန်းကိုလည်း တက်ရောက်အောင်မြင်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဘိလပ်ပြန် ပန်းချီဆရာကြီး ဦးဘဉာဏ် (အာရ်၊စီ၊အေ၊လန်ဒန်) ထံတွင် ပန်းချီပညာဆည်းပူးခဲ့သည်။

၁၉၄၉ ခုနှစ်တွင် ပြင်သစ်အစိုးရ ပညာသင်ဆုရကာ ပါရီအမျိုးသား အဆင့်မြင့်ပန်းချီသိပ္ပံတွင် တစ်နှစ်ပညာသင်ခွင့် ရသည်။ ထိုသို့ ပညာဆည်းပူးနေစဉ် ကမ္ဘာ့ပန်းချီပြပွဲကြီး "Le Sa Lon 49" တွင် ဝင်ရောက်ပြသနိုင်ပြီး လန်ဒန်၊ မွန်တီကာလိုမြို့များတွင် ကျင်းပသည့် ပန်းချီပြပွဲကြီးများတွင်လည်း ပါဝင်ပြသနိုင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အမေရိကန်အစိုးရ ပညာသင်ဆုရ၍ ဖီလာဒဲလ်ဖီးရား ပန်းချီအကယ်ဒမီတွင် တစ်နှစ် ပညာဆည်းပူးခွင့်ရခဲ့သည်။ ထိုနှစ်မှာပင် ပင်စီလ်ဗေးနီးယား တက္ကသိုလ်တွင် ပန်းချီမဟာဝိဇ္ဇာတန်း တက်ခွင့်ရခဲ့သည်။

၁၉၅၈ ခုနှစ်တွင် လန်ဒန်တော်ဝင်ပန်းချီအသင်းကြီးမှ ရာသက်ပန်အဖွဲဝင်အဖြစ် "F.R.S.A." ဘွဲ့ချီးမြှင့်ခဲ့သည်။ မြန်မာရိုးရာပျော်ရွှင်မှုဆိုင်ရာ အကအခုန် သရုပ်ဖော်လက်ရာများ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဆယ့်နှစ်ရာသီပွဲလမ်းသဘင် သရုပ်ဖော်လက်ရာများ၊ ဇာတ်၊ နိပါတ်ဆိုင်ရာ ဗုဒ္ဓဝင်ပန်းချီကားများ၊ အောင်ခြင်းရှစ်ပါး သရုပ်ဖော်ပန်းချီကားများရေးဆွဲခဲ့သည်။ ခေတ်အမြင် ခေတ်အတေး ခေတ်အရေးဆိုင်ရာ ခေတ်သစ်ပန်းချီလက်ရာများကိုလည်း စိတ်ကူးကောင်းကောင်းဖြင့် ရေးဆွဲလေ့ရှိသည့် စွယ်စုံပန်းချီကျော်ကြီးဖြစ်သည်။

၁၉၅၂ မှစ၍ ရှေးရိုးမြန်မာပန်းချီရေးနည်းကို သုတေသနပြုကာ ဖော်ထုတ်ရေးဆွဲနိုင်ခဲ့သည်။ ထိုသို့ သုတေသနပြုရေးဆွဲနေဆဲ ပြင်သစ်နိုင်ငံတွင် ပန်းချီပညာဆည်းပူးပြီး ပြန်ရောက်လာသည်။ ၁၉၅၀ ပြည့်နှစ်တွင် ဝိုင်အမ်ဘီအေအသင်းကြီးမှ တာဝန်ပေးချက်အရ အဂ္ဂမဟာပဏ္ဍိတ အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး ရေးသားတော်မူသည့် ဗုဒ္ဓဝင်ကို ပုံတော်များ ရေးဆွဲသရုပ်ဖော်ခဲ့သည်။ ၎င်းဗုဒ္ဓဝင်စာအုပ်ကြီးမှာ ယခုအခါ စတုတ္ထအကြိမ်မြောက် ထုတ်ဝေခဲ့ပြီးဖြစ်သည်။

၁၉၃၉ တွင် ဖွင့်လှစ်သော စစ်ကြိုခေတ် ပန်းချီပန်းပုကျောင်းတွင် နည်းပြဆရာ အဖြစ်လည်းကောင်၊ ၁၉၄၁ တွင် ဖွင့်လှစ်သည့် ပန်းချီအကယ်ဒမီတွင် ကထိက အဖြစ်လည်းကောင်း၊ ပညာရေးတက္ကသိုလ်တွင် ပန်းချီကထိက အဖြစ်လည်ကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံးများတွင် ဥက္ကဋ္ဌအဖြစ် ၁၀ ကြိမ်၊ စာပေလုပ်သား ဖြစ်မြောက်ရေး ကော်မတီဝင်၊ စွယ်စုံကျမ်း ပြုစုရေးအဖွဲ့ဝင်၊ ရုပ်ရှင်အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့ဝင်၊ ယဉ်ကျေးမှုဌာန ပန်းချီအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ ရိုးရာပန်းချီပညာရှင်များ အစည်းအရုံး(ဗဟို) နာယက အဖြစ်ဆောင်ရွက်ခဲ့သည်။

ဆရာကြီး၏ထင်ရှားသော ပန်းချီလက်ရာများကို ရန်ကုန်ရှိ အမျိုးသားပြတိုက်၊ တာရှ်ကင့်ပြတိုက်၊ ပီးကင်းအမျိုးသားပြတိုက်၊ ဟော်လန်နိုင်ငံ အမ်စတာဒန်မြို့ရှိ ပန်းချီပြတိုက်၊ ဗုဒ္ဓဂယာတို့တွင် ချိတ်ဆွဲပြသထားကြသည်။ မင်္ဂလာဒုံလေဆိပ်တွင် စတုရန်းပေ ၃၀၀၀ ရှိ နံရံပန်းချီကားကြီးမှာ ဆရာ့အား ကမ္ဘာကျော်စေသည့် မြန်မာမှုသရုပ်ဖော် လက်ရာမွန် ပန်းချီကားကြီးဖြစ်သည်။ ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံစေတီတော်တို့တွင်လည်း သမိုင်းဝင် ဆီဆေးပန်းချီလက်ရာများ ရေးဆွဲခဲ့သည်။ မိတ္ထီလာဝန်ဇင်းဟိုတယ်၊ ကမ်းနားလမ်းဟိုတယ်၊ ပညာရေးတက္ကသိုလ်တို့တွင် နံရံပန်းချီလက်ရာများ ရေးဆွဲခဲ့သည်။

ဆရာကြီးဦးဘကြည်သည် ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်တင်မေ (ပညာရေးတက္ကသိုလ် ငြိမ်း) နှင့် သား နှစ်ယောက်၊ သမီး တစ်ယောက်၊ မြေး ခြောက်ယောက်တို့ ကျန်ရစ်ခဲ့သည်။