ရတနာပုံစေတီတော်

Listing Description

မြောက်ဦးမြို့ အံတော်သိမ်ပုထိုးတော်ကြီး၏ မြောက်ဘက် ပေ ၂၀ ခန့်အကွာ၊ ၁၀ ပေခန့်အမြင့်ရှိ ကုန်းငယ်ပေါ်တွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၉၇၄ ခုနှစ် (အေဒီ ၁၆၁၂)တွင် မင်းခမောင်းနှင့် မိဖုရားကြီးသျှင်ထွေးတို့က တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်တည်ထားရာ၌ နောင်တွင် စေတီတော်ပြိုပျက်ခဲ့သော် ပြန်လည်တည်ဆောက်နိုင်စေရန် ရည်ရွယ်ကာ ရွှေငွေဥစ္စာရတနာများစွာတို့ကို ဌာပနာ၍ တည်ထားခဲ့သောကြောင့် ရတနာပုံစေတီတော်ဟု ဘွဲ့အမည် ဆက်ကပ်ခဲ့သည်ဟု သိရပါသည်။ မင်းခမောင်းသည် စစ်အန္တရာယ်အပေါင်းကို အောင်တော်မူသောကြောင့် ရန်အောင်မြင်စေတီတော်ဟုလည်း ဘွဲ့တော်ဆက်ကပ်ခဲ့သည်။ စေတီတော်သည် အဝန်းပုံသဏ္ဌာန်ရှိပြီး ဉာဏ်တော်အမြင့် ပေ ၂၀၀ ၊ စေတီအောက်ခြေပတ်လည် ၃၄၄ ပေရှိသည်။ ပစ္စယံသုံးဆင့်ပေါ်တွင် သပိတ်မှောက်တင်ထားရှိပြီး စေတီတော်ကြီးကို စေတီငယ် ၁၇ ဆူဝန်းရံထားသည်။ စေတီတော်ကြီး၏အရှေ့ဘက်ရင်ပြင်တစ်ခုလုံးကို ကြွေရည်သုတ်ကျောက်ပြားများ ခင်းထားသည်။ စေတီတော်၏ အရှေ့ဘက်အနီးတွင် ကျောက်စေတီ သုံးဆူတည်ရှိပြီး ထိုစေတီများ၏ ဂူများထဲတွင် ကျောက်ဘုရားဆင်းတုတော်များရှိသည်။ စေတီတော်ကြီး အရှေ့ဘက်တွင် သီးခြားအုတ်တံတိုင်းကာရံထားပြီး စေတီတော်၏အောက်ဘက်တွင် အံတော်သိမ်နှင့်တဆက်တည်း အုတ်တံတိုင်းကာရံထားသည်။ တံတိုင်းများတွင် အရှေ့ဘက်၊ မြောက်ဘက်နှင့် တောင်ဘက်တို့၌ ကျောက်လှေကားများရှိသည်။ ရင်ပြင်ထောင့်များတွင် ကျောက်တုံးလေးတုံးစီဖြင့် ပြုလုပ်ထားသော ခြင်္သေ့ရုပ်များရှိသည်။ စေတီတော်ကြီး၏ အနောက်ဘက်ကုန်းတွင် ရတနာပုံကျောင်းတိုက် တည်ရှိသည်။