မဟာဗောဓိရွှေဂူစေတီ

Listing Description

မြောက်ဦးမြို့ အလယ်စေတီ (ခေါ်) မင်းပေါင်းစေတီ၏ တောင်ဘက် ကိုက်တစ်ရာခန့်အကွာ၊  လင်ပန်းပြောက်စေတီ၏ အရှေ့တောင်ယွန်းယွန်း၊ နက္ခတ်တောင်၏ အနောက်တောင်စွယ် သုံးခုအနက် မြောက်ဘက်အစွန်ဆုံးတောင်စွယ်၌ တည်ရှိသည်။ ကောဇာသက္ကရာဇ် ၈၃၂ ခုနှစ် (အေဒီ ၁၄၇၀)တွင် ဘစောဖြူမင်းက ကျောက်အတိဖြင့် တည်ထားခဲ့သည်။ စေတီတော်မှာ "ရတနာပုံစေတီတော်"ကဲ့သို့ပင် ခေါင်းလောင်းကိုမှောက်ထားသောပုံဖြစ်သည်။ စေတီတော်အောက်ခြေအဝန်း ၁၀၆ ပေရှိပြီး အောက်ခြေမှ ထီးတော်ထိ ရှစ်မြှောင့်ပုံရှိကာ ဉာဏ်တော်အမြင့်ပေ ၃၀ ရှိသည်။ စေတီတော်ထဲသို့ဝင်ရန် အရှေ့ဘက်ခြမ်းတွင် ဂူဝင်လမ်းတစ်ခုဖောက်လုပ်ထားပြီး ဂူဝင်လမ်း ဝဲယာတစ်ဖက်တစ်ချက်တွင် ဘုရားဆင်းတုတော်များရှိသည်။ ထိုဘုရားဆင်းတုတော်များအောက်တွင် ငါးရာ့ငါးဆယ် နိပါတ်တော်လာ ဇာတ်တော်များမှ သရုပ်ဖော်ပုံများကို ကျောက်ဆစ်အနုလက်ရာ ပြောင်မြောက်စွာ ထွင်းထုထားသည်။ သရုပ်ဖော်ရုပ်ထုများတွင် ဘုရင်ထွက်တော်မူခန်း၊ မှုးမတ်စစ်သူကြီးတို့ဝတ်စားဆင်ယင်ပုံများ၊ စစ်တိုက်ဟန်၊ ဆင်မြင်းတို့အား တန်ဆာဆင်ပုံများနှင့် တူရိယာမျိုးစုံ စသည်ဖြင့် အထူးစိတ်ဝင်စားဖွယ် ထုဆစ်ထားသည်။ ဂူအတွင်းရှိ ဂန္ဓကုဋီတိုက်တွင် ဉာဏ်တော် ၆ ပေခန့်အမြင့်ရှိသော ကျောက်ဆင်းတုတော် တစ်ဆူတည်ရှိသည်။ ထိုဆင်းတုတော်ကို ကျောက်တစ်လုံးတည်းဖြင့် ထွင်းထုကာ ခြူးပန်းခြူးနွယ်များစွာဖြင့် တန်ဆာဆင်ထားသော ပလ္လင်ပေါ်တွင် တည်ထားရှိသည်။ ဆင်းတုတော်၏ အပေါ်တည့်တည့် ဂူတော်ကြီး၏အမိုးအလယ်တွင် ကျောက်ဆစ်အနုလက်ရာပြောင်မြောက်စွာဖြင့် ကြာပန်းပွင့်ကြီးတစ်ပွင့်ကို ထုဆစ်ဆင်ယင်ထားသည်။