လောကမာရ်အောင်စေတီ

Listing Description

မြောက်ဦးမြို့ နန်းတော်ကုန်း၏ အနောက်ဘက် တစ်မိုင်ခန့်အကွာ၊ ကျောက်ရစ်ချောင်းအနီးတွင် တည်ရှိပါသည်။ သက္ကရာဇ် ၁၀၂၀ ခုနှစ် (ခရစ်နှစ် ၁၆၅၈)တွင် စန္ဒသုဓမ္မရာဇာမင်းက တည်ထားခဲ့ပြီး လောကသုံးပါးဖြစ်သော သတ္တလောက၊ သင်္ခါရ လောက၊ ဩကာသလောကတို့မှ မြတ်စွာဘုရားသည် လွတ်မြောက် အောင်မြင်ခြင်းကို အထိမ်းအမှတ်အဖြစ် လောကမာရ်အောင်စေတီဟု ဘွဲ့အမည်ပေးခဲ့သည်။ စေတီတော်သည် အောက်ခြေလေးမြှောင့် စတုရန်းလေးထောင့်ပုံဖြစ်ပြီး တစ်ဖက်လျှင် ၇ ပေရှိကာ ဉာဏ်တော်အမြင့် ပေ ၁၀၀ မြင့်သည်။ ပစ္စယံလေးဆင့်သည်လည်း လေးထောင့် စတုရန်းပုံဖြစ်သည်။ အောက်ဆုံးအဆင့် ပစ္စယံတွင် ထောင့်လေးထောင့်၌ ဦးခေါင်းတစ်ခု ခန္ဓာနှစ်ခုရှိသော ပူးမင်းရုပ်များ ရှိသည်။ အရပ်လေးမျက်နှာသို့ မျက်နှာမူထားသော တစ်ဖက် နှစ်ရုပ်စီ ရှစ်ရုပ်ရှိသည်။  ဒုတိယပစ္စယံမှ စတုတ္ထပစ္စယံထိ ထောင့်များတွင် အဝိုင်းစေတီတစ်ဆူကျစီ ရှိသည်။ တစ်ဆင့်လျှင်လေးဆူ စုစုပေါင်း ၁၂ ဆူရှိသည်။ ထိုပစ္စယံများ၏ အလယ် တည့်တည့်တွင် အရပ်လေးမျက်နှာ အသီးသီးသို့ လှည့်နေသော မုခ်ဂိတ်ဂူငယ် ၁၂ ခုရှိသည်။ ထိုဂူများထဲတွင် ထိုင်တော်မူဗုဒ္ဓရုပ်ပွားဆင်းတုများရှိသည်။ ၎င်းဂူငယ်များ၏ မျက်နှာစာတွင် လောင်ဗန်းပြောက် (လင်ပန်းပြောက်) စေတီတော်ကဲ့သို့ ကျောက်ဆစ်လက်ရာများရှိသည်။ ခေါင်းလောင်းမှောက်အဆင့်မှ စတင်၍ အပေါ်ပိုင်း ဖောင်းရစ် ငှက်ပျောဖူးထီးတော်အထိ စက်ဝိုင်းပုံဖြင့် တက်သွားသည်။ စေတီတော်၏အရှေ့ဘက်တွင် အာရုံခံသိမ်တော်နှင့် တန်ဆောင်းရှိသည်။ ၎င်းတန်ဆောင်းမှ တစ်ဆင့် စေတီတော်ဂန္ဒကုဋီတိုက်ထဲသို့ ဝင်ရောက်နိုင်သည်။ ဂန္ဒကုဋီတိုက်ထဲတွင် ဉာဏ်တော် ၁၂ပေရှိ ကျောက်တစ်လုံးတည်းဖြင့် ထုလုပ်ထားသော ထိုင်တော်မူရုပ်ပွားတော် တစ်ဆူရှိသည်။ ဂူ၏မျက်နှာစာတွင် ကျောက်ဆစ် လက်ရာများရှိသည်။ စေတီတော်ကြီးနှင့် သိမ်တော်အား မီးတားတံတိုင်းဖြင့် ကာရံထားသည်။