မဟာလောကရံသီအိမ်တော်ရာစေတီ (မန္တလေး)

Listing Description

အိမ်တော်ရာဘုရားဟူ၍ မြန်မာနိုင်ငံ၌ ထင်ရှားသော ဘုရားနှစ်ဆူရှိလေသည်။ တစ်ဆူသည် မန္တလေးမြို့၌ရှိ၍ တစ်ဆူကား ရန်ကုန်မြို့၌ရှိပြီး နှစ်ဆူစလုံးကို ကုန်းဘောင်မင်းဆက် ကိုးဆက်မြောက် ပုဂံမင်းမှ တည်ထားကိုးကွယ်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် (၂၇) လမ်းနှင့်(၂၈) လမ်းကြား (၈၇) လမ်းတွင်ရှိသည့် မဟာလောကရံသီအိမ်တော်ရာစေတီဝင်းသည် ပုဂံမင်း မင်းသားငယ်ဘဝတွင် ပျော်စံ ခဲ့သည့်နေရာဖြစ်သည်။ ပုဂံမင်းသည် ၁၈၄၆ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင် ကုန်းဘောင်မင်းဆက်၏ နဝမမြောက် ဘုရင် ဖြစ်လာခဲ့ပြီးနောက် မင်္ဂလာအိမ်တော်ရာနေရာတွင် စေတီတော်တစ်ဆူတည် ထားရန် ရည်ရွယ်ခဲ့သည့်အတိုင်း ၁၈၄၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် ကိုယ်တော်တိုင် အုတ်မြစ်ချခဲ့သည်။ အိမ်တော်ရာစေတီသည် ဉာဏ်တော်အမြင့် ၉၉ ပေ၊ ထီးတော်အမြင့်  ၁၃ ပေ ၁၀ လက်မ၊ ထီးတော်အဝ ၆ ပေ ရှိပါသည်။ ပုဂံမင်းသည် အိမ်တော်ရာစေတီကို ၁၈၄၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် ထီးတော်တင်လှူခဲ့ပြီး စေတီတော်အား မဟာလောကရံသီဟု ဘွဲ့အမည် သမုတ်ခဲ့ပါသည်။ မဟာလောကရံသီ အိမ်တော်ရာစေတီတော် မဟာရာမ်တံတိုင်း အတွင်းထောင့် လေးထောင့်တွင် အရံစေတီလေးဆူရှိရာ အလယ်နန်းတော် စလင်းမြို့စားမိဖုရား သီရိတိလောက အတုလရတနာဒေဝီ၊ ခမည်းတော်မင်းတရားကြီးမိဖုရား စလင်းမြို့ စား၊ ပုဂံမင်းငယ်စဉ်က အထိန်းတော်ဖြစ်ခဲ့သော တောင်ပြုံးကြီးမြို့ ဟင်္သာတမြို့စားနှင့် မင်္ဂလာအိမ်တော်ပါ ကျီဝန်အတွင်းဝန် မင်းကြီးမဟာသက်တော်ရှည်တို့က တစ်ဆူစီ တည်ထားခဲ့ကြခြင်းဖြစ်သည်။ အိမ်တော်ရာ စေတီတော်သည် မင်းမိဖုရားတို့၏ ကောင်းမှုတော်ဖြစ်သဖြင့် မင်းညီ မင်းသား မှူးမတ်များက သာသနိကအဆောက်အအုံများကို ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။ သို့သော် ၁၉၁ဝ ပြည့်နှစ်က မန္တလေးမြို့တွင် လောင်ကျွမ်းခဲ့သည့်မီး ကြောင့် အိမ်တော်ရာစေတီဝင်းအတွင်းရှိ အဆောက်အအုံများ မီးလောင်ကျွမ်းခံ ခဲ့ရသည်။ မီးလောင်ကျွမ်းပြီးနောက် အလှူရှင်များက ပြန်လည်ဆောက်လုပ် လှူဒါန်းခဲ့သော်လည်း ဒုတိယကမ္ဘာစစ်အတွင်း ၁၃ဝ၄ ခုနှစ်တွင် ဗုံးကျသဖြင့် စေတီတော်မြတ်ကြီးနှင့် ထောင့်လေးထောင့် စေတီရံများ၊ ကျောက်စာများ မဟာရာမ်မှတစ်ပါး အဆောက်အအုံများ မီးလောင်ပျက်စီးခဲ့ရလေသည်။ စစ်ပြီးခေတ်တွင် အလှူရှင်ဒါယကာ ဒါယိကာမတို့က ပြန်လည် ဆောက်လုပ်လှူဒါန်းကြသောကြောင့် ယခုအခါ ခေတ်မီပုံစနစ်တို့ဖြင့် တည်အပ်သော အဆောက်အအုံသစ်တို့ ပြည့်နှက်လျက်ရှိလေသည်။