ချိုပြုံး

Listing Description

အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် ချိုပြုံးကို ၁၉၄၆ ခု၊ နိုဝင်ဘာလ ၁၇ ရက်တွင် ဦး ချန်ထွန်း၊ ဒေါ် ကြည်ကြည်တို့မှ ရန်ကုန်မြို့တွင် မွေးသည်။ ငယ်မည်မှာ အေးအေးတင့် ဖြစ်သည်။ မွေးချင်းမောင်နှမ ၁၀ ယောက်ရှိသည်။ 

တေးရေး ကိုသက်ထွန်း၏ ညီမဝမ်းကွဲဖြစ်ပြီး တေးရေးကိုသက်ထွန်းတို့သားအဖ၏ အားပေးကူညီမှုဖြင့် သီချင်းစဆိုဖြစ်ခဲ့သည်။ ပထမဆုံးဆိုသည့် သီချင်းမှာ စစ်သမီး ဖြစ်သည်။ ထိုသီချင်းဆိုချိန်တွင် အသက် ၁၁ နှစ်သမီးသာရှိသေးသည်။ ၁၃ နှစ်သမီးအရွယ်တွင် နာမည်ကြီးအဆိုတော်ဖြစ်လာပြီး ရုပ်ရှင်နောက်ခံသီချင်းများစွာကို သီဆိုခဲ့ရသည်။ "ဘဝချင်းဆုံတွေ့ပါရစေ" သီချင်းမှာ သူမ၏ နာမည်ကျော်သီချင်းဖြစ်ပြီး ၎င်းတေးသီချင်းထွက်ရှိခဲ့ပြီးနောက် အိမ်ထောင်ကျခဲ့သည်ဟု သိရသည်။ ပန်းပိတောက်ကြွေရာမြေ၊ သစ္စာပန်းတစ်ခက်၊ ကျွန်မရေစီးချောင်းကလေး၊ ခေါင်းလောင်းထိုးသံဘယ်သူ့ထံ၊ ပိတောက်စိမ်း၊ တမာလမ်းကိုပြန်ခဲ့ပါ၊ ဘိုင်စကုပ်မင်းသမီးမချို အစရှိသော တေးသီးချင်းများနှင့် တေးအယ်လ်ဘမ်ပေါင်းများစွာ သီဆိုခဲ့သည်။

ရုပ်ရှင်မင်းသား ကျော်သူ၏ ဖခင်ဖြစ်သော ဦးစိန်တင်၏ ပံ့ပိုးကူညီမှုဖြင့် ရုပ်ရှင်ရိုက်ကူးရန် စတင်ခဲ့သည်။ အသည်းမျဉ်းပြိုင်၊ တစ်ကျော့နှစ်ကျော့တေးကိုသီ၊ ချစ်ဖူးသူတိုင်းရူးကြသည်၊ မိုးထိအောင်လှေကားထောင်၊ ရဟန်းမစားသောဆွမ်းတစ်နပ် စသည့် ဇာတ်ကားများစွာတွင် ပါဝင်ရိုက်ကူးခဲ့သည်။

၁၉၈၀ ခုနှစ်တွင် “ချစ်အမျှ” ရုပ်ရှင်ဖြင့် အမျိုးသမီးဇာတ်ဆောင်ဆု၊ ၁၉၈၂ ခုနှစ်တွင် “မွန်းတည့်ချိန်တွင်နေဝင်သည်” ရုပ်ရှင်ဖြင့် အမျိုးသမီးဇာတ်ဆောင်ဆု၊ ၁၉၉၇ ခုနှစ်တွင် “အမေ့ခြေရာ” ရုပ်ရှင်ဖြင့် အမျိုးသမီး ဇာတ်ပို့ဆု၊ ၂၀၀၃ ခုနှစ်တွင် “အမေ့နို့ဖိုး” ရုပ်ရှင်ဖြင့် အမျိုးသမီးဇာတ်ပို့ဆုတို့ ရရှိခဲ့သည်။