ပန်နန်းဒင်မြို့အဝင် နမ့်တမိုင်လူကူးကြိုးတံတားသစ် တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းခန့်ပြီးစီး

Listing Description

ပန်နန်းဒင် နိုဝင်ဘာ ၁၄

ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့အဝင်ရှိ နမ့်တမိုင်ချောင်း လူကူးကြိုးတံတားမှာ မိုးအဆက် မပြတ်ရွာသွန်းမှုများကြောင့် တောင်ကျချောင်းရေများ မြင့်တက်လာကာ စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် မျောပါပျက်စီးသွားခဲ့သဖြင့် ယင်းကြိုး တံတားကို စက်တင်ဘာလနောက်ဆုံးပတ်မှ ဦးနောဒီး တို့အဖွဲ့က ပျဉ်ခင်းကြိုးတံတားသစ် ပြန်လည်ဆောက်လုပ်လျက်ရှိရာ ယခုအခါ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်၍ လူနှင့်ဆိုင်ကယ်များ ယာယီဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း ပန်နန်းဒင်မြို့ လမ်းဦးစီး ဌာန အင်ဂျင်နီယာ ဦးဇော်ရာဆင်ထံမှ သိရသည်။

အဆိုပါ လူကူးကြိုးတံတားကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများ၏ တင်ပြတောင်းဆိုမှုအရ ဆောက်လုပ် ပေးထားခြင်းဖြစ်ရာ အရှည်ပေ၃၆၀၊ အကျယ်ခြောက် ပေခန့်ရှိ ပျဉ်ခင်းလူကူးကြိုးတံတားအမျိုးအစား ဖြစ်သည်။ နမ့်တမိုင်ချောင်းကူးကြိုးတံတားမှာ ယခုတွင် ဆိုင်ကယ်နှင့် လူများသာ တံတားပေါ်မှ ဖြတ်သန်းသွားလာနိုင်ပြီး ကားသေးများမှာ ပန်နန်းဒင် တစ်ဖက်ကမ်းထိသာ သွားလာနိုင်သောကြောင့် ပန်နန်းဒင်မြို့ဘက်ကမ်းထိ ကားသေးများဖြတ်သန်း သွားလာနိုင်သော ကြိုးတံတားသစ်ဆောက်လုပ်ပေး ပါက ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေး စသောအဘက်ဘက်တွင် ဖွံ့ဖြိုးတိုးတက်လာမည် ဟု မျှော်လင့်ကြောင်း ဒေသခံဦးဖေရမ်နှင့် ဦးရမ်ဆားရ် တို့က ပြောကြားသည်။

နောယော်ဘော် (ပြန်/ဆက်)