နန်းစုရတီစိုး

Listing Description

၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် အဖ ဦးစိုးလင်းနှင့် အမိ ဒေါ်တင်တင်ဝင်းတို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက် ဒုတိယမြောက်ဖြစ်သည်။ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံတွင် ပညာသင်ကြားခဲ့သည်။ တက္ကသိုလ်ဝင်တန်းအောင်ပြီးနောက် ဆေးဝါးကျွမ်းကျင်တက္ကသိုလ် တက်ရောက်ခဲ့သည်။

၁၀ တန်းတက်နေစဉ်အတွင်းမှာပင် Biosoft ခေါင်းလျှော်ရည် ကြော်ငြာ ရိုက်ကူးခဲ့ပြီး ထိုကြော်ငြာဖြင့် ပရိသတ် သတိထားလာမိခဲ့သည်။ ထို့နောက် DORU whitening cream ၊ Mistine Lipstick ၊ Ginvera shampoo ၊ Wax One ၊ Gionee Mobile Phone စသည့် စီးပွားရေးကြော်ငြာများ လက်ခံရိုက်ကူးခဲ့သည်။

၂၀၀၄ ခုနှစ်တွင် “မိုးလောက်ကြီးချစ်တယ်” ဇာတ်ကားတွင် ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် “နှလုံးသားရဲ့အရှင်သခင်” ဇာတ်ကားကို သရုပ်ဆောင် လူမင်းနှင့်အတူတွဲဖက်၍ အဓိကမင်းသမီးနေရာမှ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်များ အသိအမှတ်ပြုမှု မြင့်တက်လာခဲ့သည်။

၂၀၁၆ ခုနှစ်တွင် Shanghai International Film Festival တွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသော "Asean Celebrity Explore Quest Malaysia" (ACEQM) သို့လည်း တက်ရောက်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် သူမ၏ ပထမဆုံး သီချင်းဖြစ်သော “မေမေဆူလိမ့်မယ်” သီချင်းထွက်ရှိခဲ့သည်။

၂၀၀၇ ခုနှစ်တွင် “ဟော့ရှော့” ရုပ်ရှင်ဇာတ်ကားကြီးတွင် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် အလန်းလွန်အလွန်လန်း၊ အလန်းဇယား စသည့် ရုပ်ရှင်ကားများ ရိုက်ကူးခဲ့သည်။ လက်ရှိအချိန်ထိ ရုပ်ရှင်ဇာတ်ကားကြီး ၁၀ ကားကျော်နှင့် ဗီဒီယို ဇာတ်ကားပေါင်း ၂၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ထားသည်။

၂၀၀၈ ခုနှစ်တွင် တစ်ကိုယ်တော် တေးစီးရီးအယ်လ်ဘမ် “မိုးမမြင်လေမြင်” ထွက်ရှိခဲ့သည်။ ထို့နောက် “ကောလဟာလ”၊ “ငါရင်တွေခုန်နေလို့” စသည့် စင်မြင့်ဖျော်ဖြေပွဲများစွာတွင်  ပါဝင်သီဆိုခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ဒုတိယမြောက် တစ်ကိုယ်တော် စတူဒီယိုအယ်လ်ဘမ် “ရှေ့ဆက်သွားမှာပဲ” ကို ထုတ်ဝေခဲ့ပြီး ပရိသတ် အားပေးမှုများစွာ ရရှိခဲ့သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် Shangpree Cosmetics နှင့် Samsung တို့၏ အမှတ်တံဆိပ်သံတမန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် သူမအား ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သေဆုံးမှု လျှော့ချရန်အတွက် Hope For Children ၏ သံတမန်အဖြစ် ခန့်အပ်ခြင်းခံရသည်။