ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ကျောက်ပန်းတောင်းမြို့နယ် သံဘိုရွာကို ပုဂံဒေသနှင့် တစ်ဆက်တစ်စပ်တည်း သွားရောက်လေ့လာနိုင်မည့် ရှစ်ခုမြောက် ခရီးစဉ်ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိ

Listing Description

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာမှ မြောက်ဘက် (၁)မိုင် (၅)ဖာလုံခန့်အကွာ၊ ပုပ္ပားဂေါက်ကွင်းမှ အနောက်ဘက် (၁)မိုင် (၁)ဖာလုံခန့် အကွာတွင် ပုပ္ပားအုပ်စု၊ သံဖိုချောင်းဖျားကျေးရွာနှင့် သံဖိုအုပ်စု၊ သံဘိုအလယ်ရွာ၊ သံဘိုရွာသစ်တို့တွင် နှစ်သက်တမ်းများစွာက တည်ရှိခဲ့သည့် ကြီးမားသည့် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်း တည်ရှိရာ သံဖိုကျေးရွာအား ပုဂံခရီးစဉ်ဒေသနှင့် တစ်ဆက်တစ်စပ်တည်း သွားရောက်လေ့လာနိုင်သည့် ရှစ်ခုမြောက် ခရီးစဉ်ဒေသအဖြစ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ ဖော်ဆောင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အင်းကြင်းကျောက်နှင့် အခြားကျောက်များ တရုတ်နိုင်ငံဝယ်လက်ကြောင့် အင်းကြင်းကျောက် ရှာဖွေရောင်းချသူများ သစ်တောနှင့် ထိစပ်သည့်ကျေးရွာများတွင် အမြောက်အများ တွင်ကျယ်ခဲ့ရာ သံဘိုရွာသည်လည်း တစ်ရွာအပါအဝင်ဖြစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ယခုတူးဖော်တွေ့ရှိထားသည့် အင်းကြင်းကျောက်ဖြစ်ရုပ်ကြွင်း ကျောက်ကြီးသည်လည်း မြေအနက် ၁၇ ပေခန့်တွင် အလျား ၇၄ ပေ တူးဖော်တွေ့ရှိထားပြီး ဆက်လက်တူးဖော်ရန်လည်း ကျန်ရှိနေသေးကြောင်း၊ အကုန်မတူးရသေးသည့်အတွက် အလျားအရှည် မည်မျှရှိမည် ခန့်မှန်းမရသေးကြောင်း၊ လုံးပတ် ၆ ပေ ၇ လက်မရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးက ရှင်းပြသည်။

သံဘိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးသည် ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်း၊ ပရိုင်းမိတ်ဟု ယူဆရသည့် ကျောက်ဖြစ်ရုပ်ကြွင်း အမျိုးအမည် ၁၀၀ ခန့် စုဆောင်းရရှိထားသော်လည်း ခုနစ်မျိုးသာ သတ္တဝါတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ကြောင်း သံဘိုရွာသို့ လာရောက်သည့် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များက ခန့်မှန်းပေးခဲ့ကြောင်း သိရသည်။

တွေ့ရှိထားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများမှာ သမင်ဂျို၊ ဆင်အံအောက်မေးရိုး၊ လိပ်ကျောခုံး ကျောက်ဖြစ်ရုပ်ကြွင်း၊ နွားအရိုး ကျောက်ဖြစ်ရုပ်ကြွင်းများဖြစ်ပြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ဗဟင်းကျေးရွာအနီးတွင် တွေ့ရသော ပုံတောင်ပရိုင်းမိတ်နှင့်တူသော နှစ်သန်းပေါင်း ၄၀၀၀ ကျော်ခန့်ရှိ လူသားမျိုးနွယ်အစဟု ယူစရသည့် ပုံစံတူအမျိုးအမည်မသိ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းကိုလည်း တွေ့ရှိခဲ့ရပြန်သည်။ ထိုသံဘိုကျေးရွာသည် ပုပ္ပားတောင်မကြီး၊ ကိုးကွေ့သစ်တောကြိုးဝိုင်း ကပ်လျက်တည်ရှိကာ အင်ကြင်းကျောက်များစွာ ထွက်ရှိကြောင်း၊ ကုန်းနေ၊ ရေနေသတ္တဝါများ စုံလင်စွာနေထိုင်ခဲ့သည့် အရပ်ဒေသဖြစ်ခဲ့သည်များလားဟု သံဘိုကျေးရွာလာရောက်သည့် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များက မှတ်ချက်ပြုခဲ့ကြောင်း ဦးမောင်မောင်စိုးက ရှင်းပြသည်။

သံဘိုချောင်းဖျားကျေးရွာ အရှေ့ဘက် မန်ကျည်းတောအတွင်း ပုဂံမင်းအဆက်ဆက်အား လက်နက်ဆက်သရသည့် သံချက်ဖို အမြောက်အများရှိနေသေးပြီး သံချေးခဲများ၊ သံချက်ဖိုများအနီးတွင် တွေ့ရှိခဲ့ရသည်။ အဆိုပါသံချက်ဖိုများတည်ရှိရာ မန်ကျည်းတောတွင် နတ်ကွန်းတစ်ခုရှိပြီး သတိုးမင်းခေါင်နတ်ဖြစ်ကြောင်း၊ ရွာရှိသက်ကြီးများလည်း သံချက်ဖိုများအကြောင်း ရှင်းမပြနိုင်ကြပေ။

သံဘိုချောင်းဖျားကျေးရွာတွင် တိုင်းရင်းဆေးလုပ်ငန်း လုပ်ကိုင်ကြပြီး ပုပ္ပားဒေသထွက် ဆေးမြစ်၊ ဆေးဥမျိုးစုံကြိတ်ကာ တံဆိပ်အမျိုးမျိုးဖြင့် ပုပ္ပား၊ တောင်ကလပ်သို့ ဘုရားဖူးလာရောက်သည့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများကို တိုင်းရင်းဆေး ထုတ်လုပ်ရောင်းချသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်းလည်း သိခဲ့ရပြီး အခါအခွင့်သင့်ပါက ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ကျောက်ပန်းတောင်းမြို့နယ်၊ သံဘိုကျေးရွာသို့ လာရောက်လေ့လာသင့်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်က ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာလိုသော ပညာရှင်များနှင့် သစ်တော/သစ်ပင် ရုက္ခဗေဒဘာသာရပ် စိတ်ဝင်စားသူ ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာနိုင်ကြောင်း၊ သံဘိုကျေးရွာ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ သံချက်ဖိုများတည်ရှိသေးရာ နေရာကိုလည်း ပုဂံဒေသနှင့် တစ်ဆက်တစ်စပ်တည်း သွားရောက်နိုင်သည့် ရှစ်ခုမြောက် ခရီးစဉ်အဖြစ် ဖော်ဆောင်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Credit to ကိုကြေးမုံ