နေလဘုရား (ဣစ္ဆိတံ ဘုရား)

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်စောင်းတန်းအနီးတွင် တည်ရှိသည်။ စနေသား ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တစ်ဦး တည်ထားခဲ့ပါသည်။ လိုဏ်ဂူမုခ်ဝပေါ်တွင် ဒေါင်းရုပ် (နေ နဝင်းစကြာ) အား ပတ်ထားသော နဂါးနှင့် ယုန်ရုပ် (လ နဝင်းစကြာ) အား ပတ်ထားသော နဂါးတို့ လည်ချင်းယှက်ပုံ၊ ပဋိပတ္တိ၊ ပဋိယတ္တိ၊ ပဋိဝေဒ ဟူသော သာသနာသုံးရပ်ကို ရည်ညွန်းသော ထီးသုံးဆင့်စေတီတော် အပေါ်ပိုင်း ငှက်ပျောဖူးတွင် နဂါခေါင်းများပုံ ဖော်ပြထားပါသည်။ စေတီတော်မှာ နေစကြာ လစကြာ သိဒ္ဓိနှစ်ပါး တောင်းခံရာ နေစကြာ လစကြာ အောင်မြေ၊ စကြာသိဒ္ဓိနှစ်ပါး အောင်မြေ ဖြစ်ပါသည်။ လိုဏ်ဂူ မုခ်ဝနေရာသည် အောင်မြေပါ။ နေ (စနေ နံ ၇) နှင့် လ (ဗုဒ္ဓဟူးနံ ၄) တို့၏ ပြိုင်ဂဏန်းများကို ပေါင်းလျှင် ၁၁ ရပြီး ပေါင်းခြင်း ၁၁ သည် ၁၁ နဝင်း ဖြစ်ပြီး လောကီနဝင်း ဖြစ်လေသည်။ နေ (စနေ ဂြိုဟ်သက် ၁၀) နှင့် လ (ဗုဒ္ဓဟူး ဂြိုဟ်သက် ၁၇) တို့၏ဂြိုဟ်သက်များကို ပေါင်းလျှင် ၂၇ ရပြီး ၉ နဝင်းဖြစ်သည်။ မူလနဝင်း ဖြစ်လေပြန်တော့သည်။ နေစကြာ လစကြာ၊ နေ နဝင်းစကြာ၊ လ နဝင်းစကြာ၊ နေနဝင်း ဒေါင်းစကြာ၊ လနဝင်း ယုန် စကြာ ဟုလည်း ခေါ်ကြပါသည်။

နေလဘုရားတွင် ပူဇော်ခြင်းသည် လောက၏ ရုပ်ဓာတ် နာမ်ဓာတ်၊ အပူ အအေးဓာတ်တို့ကို တစ်ပြိုင်တည်း ပူဇော်ခြင်းဖြစ်ပြီး၊ နေလိုလလို ထင်ရှားလာခြင်း၊ လောကကြီးနှင့် သဟဇာတဖြစ်လာခြင်း၊ အန္တောဓာတ်၏ အကျိုးထူးများ ခံစားရခြင်းတို့ ဖြစ်မည်။ ဘာသာရေးနှင့် သက်ဆိုင်သော စနေထောင့်တွင် ပူဇော်ခြင်းဖြစ်သဖြင့် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးများကိုရရှိစေသည်။