ကျိုက်ဒေးယျုံအာနန္ဒာစေတီတော်

Listing Description

ကျိုက်ဒေးယျုံအာနန္ဒာစေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/ခ ရပ်ကွက်တွင် တည်ရှိသည်။ စေတီတော်ကြီး အုတ်မြစ်မချမီအချိန် ၁၉၆၅ ခု၊ မေလ ၅ ရက်နေ့ သန်းခေါင်ကျော်အချိန်တွင် စေတီတော်ကြီး၏ ပဓာနဆရာတော် ဦးဣန္ဒောသ မှ စေတီတော်ကြီး၏ အရှေ့အရပ် ရေပတ်လည်ဝိုင်းနေသော ကျွန်းပေါ်တွင် ရပ်တော်မူဘုရားတစ်ဆူ ရောင်ခြည်တော် ခြောက်သွယ်မြူးလျက် သီတင်းသုံးနေသည်ဟု အိပ်မက်မြင်မက်ပါသည်။ စေတီတော်ကြီးတည်ရန် အကြောင်းဖန်လာသဖြင့် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တအာစိဏ္ဏမဟာထေရ် ဘွဲ့ခံ ဆရာတော် ဦးဣန္ဒောဘာသမှ ၁၃၂၈ ခုနှစ် နယုလဆန်း ၃ ရက်၊ ခရစ်သက္ကရာဇ် ၁၉၆၆ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ဝတ္တကမြေကို အလှူခံခဲ့ပါသည်။ ၁၃၃၂ ခုနှစ် တော်သလင်းလဆန်း ၉ ရက်၊ ခရစ်သက္ကရာဇ် ၁၉၇၀ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် စေတီတော်ကြီးပေါ်ထွန်းလာမည့် နိမိတ်အဖြစ် ငလျင် ၈ ကြိမ်လှုပ်ခတ်ခဲ့သည်ဟု စေတီတော်ကြီး၏ ကျောက်စာအရသိရပါသည်။ ၁၉၇၀ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် စေတီတော်ကြီ အုတ်မြစ်ချခဲ့ပါသည်။ ကျိုက်ဒေးယျုံအာနန္ဒာစေတီတော်ကြီးကို ပုဂံဒေသရှိ အာနန္ဒာစေတီ လက်ရာပုံစံအတိုင်း တည်ထားကိုးကွယ်ထားပြီး ယခုအခါ နှစ်စဉ် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပလျက် ရှိပါသည်။