ရွှေဆံတော်စေတီ

Listing Description

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ရှိ ရွှေဆံတော်စေတီသည် ရှေးဟောင်းသမိုင်းဝင် စေတီတော် တစ်ဆူဖြစ်ပြီး ရန်ကုန်မြို့မှ ရွှေတိဂုံစေတီတော်နှင့် ပုံစံလက်ရာ ထပ်တူနီးပါးတူညီပါသည်။ ရွှေတိဂုံစေတီတော်မှာ ဉာဏ်တော်အမြင့် ၃၂၆ ပေရှိပြီး ရွှေဆံတော်စေတီမှာ ဉာဏ်တော်အမြင့် ၂၄၅ ပေ ၈ လက်မရှိပါသည်။ ရွှေဆံတော်စေတီတော် သမိုင်းအရ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် မြတ်စွာဘုရားရှင် ပေးသနားတော်မူသည့် ဆံတော်ရှစ်ဆူကို တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်မှ ပင့်ဆောင်လာရာ လမ်းတစ်လျှောက်တွင် ယခင် ပေါက္ခရဝတီ ယခု တွံတေးမြို့မှ မြို့သူမြို့သားများမှ ပဲခူးရိုးမတောင်၏ အစွန်အဖျားရှိ မေရုဒကုန်းမြင့်ပေါ်တွင် တိုက်စေတီတစ်ဆူတည်ထား၍ ဆံတော်များကို ပူဇော်ခဲ့ကြရာ ထိုစေတီမှာ ရွှေဆံတော်စေတီတော်၏ မူလပထမဖြစ်သည်။ မဟာသက္ကရာဇ် ၁၁၁ ခုနှစ်တွင် တိက္ခပညာ၊ သာဂရပညာ ကုန်သည်ညီနောင်တို့နှင့် သုမနထေရ်တို့ရရှိသည့် မြတ်စွာဘုရားရှင်၏ ဆံတော်နှစ်ဆူအား ပေါက္ခရဝတီဘုရင် သမိန်ထောဗညားရံမှ မေရုဒကုန်းရှိ မူလတိုက်စေတီတွင် ဌာပနာလျက် စေတီတည်ထားခဲ့သည်။ ထိုစဉ်က တည်ထားခဲ့သော စေတီတော်မှာ ဖိနပ်တော် သံတောင် ၈ဝ နှင့် လေးမိုက်၊ အရပ်တော် သံတောင် ၁၂ဝ ရှိပါသည်။ ထို့နောက် နှစ်ပေါင်း ၁၁၅ နှစ်အကြာတွင် သုဝဏ္ဏဘုမ္မိတိုင်းသို့ သာသနာပြု ကြွရောက်လာသော အရှင်သောဏနှင့် အရှင်ဥတ္တရ မထေရ် နှစ်ပါးမှပေးသော မြတ်စွာဘုရားရှင်၏ ဆံတော်လေးဆူကို မွန်ဘုရင် သမိန်ထောဗညားကောဋေးမင်းက မေရုဒကုန်းတော် မူလတိုက်စေတီတွင် ထပ်မံဌာပနာပြီး ဆံတော်ခြောက်ဆူ ကိန်းဝပ်သော ဆံတော်ရှင်စေတီအဖြစ် တည်ထားကိုးကွယ်နိုင်ခဲ့ကြပါသည်။ ခေတ်အဆက်ဆက် မွန်ဘုရင်၊ ဗမာဘုရင်များ ကုသိုလ်ပါဝင် ပြုပြင်မွမ်းမံကိုးကွယ်လာခဲ့ကြရာ သက္ကရာဇ် ၁၁၃ဝ ပြည့်နှစ် ပြာသိုလပြည့်ကျော် ၅ ရက်၊ အင်္ဂါနေ့တွင် ငလျင်ဒဏ်ကြောင့် ရွှေဆံတော်စေတီသည် ရွှေတိဂုံစေတီတော်နှင့် တစ်ပြိုင်နက် ပြိုကျလေရာ ကုန်းဘောင်ဆင်ဖြူရှင်မင်းသည် ၁၁၃၅ ခုနှစ်တွင် ရွှေတိဂုံစေတီတော်ကို အသစ်ပြန်လည်ပြုပြင်မွမ်းမံကာ တွံတေးရွှေဆံတော်ကိုလည်း ရွှေတိဂုံ စေတီပုံအတိုင်း မူလတည်ရင်း ဉာဏ်တော် သံတောင် ၁၂ဝ မှ ၁၆ တောင်မြှင့်၍ ၁၃၆ တောင် အမြင့်သို့ အရံစေတီတော်အဆူ ၄ဝ နှင့်တကွ တည်ထားခဲ့ပါသည်။ ယခုအခါ ငှက်ပျောဖူးထိပ်အထိ ၁၃၆ တောင် မြင့်၍ စိန်ဖူးတော်အထိ ပေ ၂၄၅ ပေ ၈ လက်မမြင့်ပါသည်။