ရွှေမုဋ္ဌောစေတီတော်

Listing Description

သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့၏ အနောက်တောင်ဘက် ၁၂ မိုင်ဝေးကွာသော လက်ပန်ကျင်းရွာတွင် တည်ရှိပြီး  သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု ဆိုပါသည်။ ပုဂံခေတ်အနော်ရထာမင်းကြီးက သက္ကရာဇ် ၄၂၆ ခုနှစ်တွင် စေတီတော်ကို အသစ်တဖန် မွမ်းမံတည်ထားကိုးကွယ်၍ ရွှေထီးတော်တင်လှူပူဇော်ခဲ့ပါသည်။ သက္ကရာဇ် ၄၅၇ ခုနှစ်တွင် အလောင်းစည်သူမင်းကြီးကလည်း ဤစေတီတော်မြတ်ကြီးကို အသစ်ပြန်လည် မွန်းမံပြင်ဆင်ပြီး ရွှေထီးတော်တင်လှူပူဇော်ခဲ့သည်ဟု ဗဒုံမင်းကျောက်စာတွင် ပါရှိကြောင်းသိရပါသည်။ နရသူမင်း (ခ) ကုလားကျမင်းက သက္ကရာဇ် ၅၅၇ ခုနှစ်တွင် စေတီတော်ကြီးအား ထပ်မံမွမ်းမံပြင်ဆင်၍ ရွှေထီးတော်တင်လှူပူဇော်ခဲ့ပြီး ဘုရားဝတ္တကကံမြေတိုးချဲ့ လှူဒါန်းခဲ့သည်ဟု ခေါင်းလောင်းစာတွင် ပါရှိကြောင်း သိရပါသည်။ ထို့နောက်တွင် ငါန်းဇွန်မြို့နယ်အတွင်း တည်ရှိသည့် ရွာငါးရွာစားရသည့် သံရွာမင်းကြီးကလည်း သက္ကရာဇ် ၆၆၃ ခုနှစ်တွင် စေတီတော်အား ထပ်မံပြုပြင်မွမ်းမံခဲ့ပြီး ဘုရားဝတ္တကကံမြေလှူဒါန်းခြင်းနှင့် ဘုရားစောင့်ခုနစ်ဦးလှူဒါန်းခဲ့သည်ဟု ကမ္ဗည်းကျောက်စာ‌အရ သိရပါသည်။ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် သံတောင် ၅၇ တောင်နှင့် ဖိနပ်တော် အလျားသံတောင် ၂၈ တောင်ရှိပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့မှ ၈ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ပါသည်။