တက္ကသိုလ်မင်းမော် (၁၉၃၅-၂၀၀၅)

Listing Description

တက္ကသိုလ်မင်းမော်ကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့တွင် အဖ ဦးတင်မောင်၊ အမိ ဒေါ်စိန်မြတို့မှ ၁၉၃၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။

၁၉၆၀-၆၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ၁၉၆၂ ခုနှစ်မှ စတင်ကာ ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနတွင် နည်းပြဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် မဟာဝိဇ္ဇာ ရေးဖြေ စာမေးပွဲ အောင်မြင်သည်။ ၁၉၆၈-၁၉၇၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန် တက္ကသိုလ်သို့ ဘာသာဗေဒနှင့် သတ္တဗေဒ ပညာရပ်များ သင်ယူရန် ပညာတော်သင် အဖြစ် သွားရောက်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဘာသာဗေဒ၊ သတ္တဗေဒ ပညာရပ်များဖြင့် လန်ဒန် တက္ကသိုလ်မှ M.Phil. ဘွဲ့ ရရှိခဲ့သည်။

ရန်ကုန် တက္ကသိုလ်၊ မော်လမြိုင် ကောလိပ်၊ မန္တလေး တက္ကသိုလ်၊ လုပ်သားများ ကောလိပ်၊ အဝေးသင် တက္ကသိုလ်၊ နိုင်ငံခြားဘာသာ သိပ္ပံတို့တွင် နည်းပြ၊ လက်ထောက် ကထိက၊ ကထိက၊ တွဲဖက် ပါမောက္ခ အဖြစ် အမှုထမ်းခဲ့သည်။

၁၉၉၂ ခုနှစ်မှ ၁၉၉၄ ခုနှစ် အထိ ဂျပန်နိုင်ငံ တိုကျို နိုင်ငံခြားဘာသာသင် တက္ကသိုလ်သို့ သွားရောက်၌ ဧည့်ပါမောက္ခ အဖြစ် အမှုထမ်းခဲ့သည်။ ထိုတက္ကသိုလ်တွင် The Sound System in Burmese နှင့် Morphology of Burmese Words စာအုပ် နှစ်အုပ် ရေးသား ပြုစု ထုတ်ဝေခဲ့သည်။ ကျောင်းသား ဘဝကပင် ကဗျာများ ရေးစပ်ခဲ့ပြီး သုတေသန စာတမ်းများ၊ ဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၉၅ ခုနှစ်မှ စတင်၍ နိုင်ငံခြားဘာသာ တက္ကသိုလ် မြန်မာစာ ဌာနတွင် ဂုဏ်ထူးဆောင် တွဲဖက် ပါမောက္ခ အဖြစ် အမှုထမ်းဆောင်ခဲ့သည်။ ကဗျာ၊ မဂ္ဂဇင်း၊ ချယ်ရီ၊ ဂီတပဒေသာ၊ ငွေတာရီ၊ စာပေဂျာနယ်၊ စာပေလုပ်သား၊ စာပန်းခင်း၊ စံပယ်ဖြူ စသည့် ဂျာနယ်၊ မဂ္ဂဇင်း မျိုးစုံတို့တွင် ကဗျာများ အပုဒ် ၅၃၈ ပုဒ်ကျော်၊ ဆောင်းပါး အပုဒ် ၆ဝ နီးပါးနှင့် လုံးချင်းကဗျာ စာအုပ် သုံးအုပ် ရေးသားခဲ့သည်။ ဝတ္ထုတို ဘာသာဗေဒ စာအုပ်များလည်း ရေးသားခဲ့သည်။ တက္ကသိုလ်မင်းမော်သည် ကဗျာများ အပြင် ဘာသာဗေဒနှင့် ပတ်သက်သော ဆောင်းပါးများကိုလည်း မဂ္ဂဇင်းများတွင် အခန်းဆက် ရေးသားခဲ့သည်။

တက္ကသိုလ်မင်းမော်သည် ၂၀၀၅ ခုနှစ်၊ မတ်လ ၂ဝ ရက်နေ့၌ ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်တင်တင်ဌေး ကျန်ရစ်သည်။

ရေးသားပြုစု ထုတ်ဝေခဲ့သော စာအုပ်များ

ဘဝတေးသံ ကဗျာများ ၁၉၆၅

သူငယ်ချင်း ကဗျာစု (၁) ၁၉၈၉

သူငယ်ချင်း ကဗျာစု (၂) ၁၉၉၀

ဘာသာဗေဒ

သူငယ်ချင်း ကဗျာစု (၃) ၂၀၀၄

သူငယ်ချင်း ကဗျာစု (၄) ၂၀၀၅