တွံတေးတူးမြောင်း

Listing Description

ဧရာဝတီမြစ်၏ မြစ်လက်တက်တခုဖြစ်သော တိုးမြစ်နှင့် ရန်ကုန်မြစ်ကို ဆက်သွယ်တူးဖော်ထားသည့် တူးမြောင်းဖြစ်သည်။ အရှည် ၃၅ ကီလိုမီတာ (၂၂မိုင်) ရှည်လျားပြီး တူးမြောင်း၏ အလယ်တဝက်နားခန့်တွင် တွံတေးမြို့ တည်ရှိသောကြောင့် တွံတေးတူးမြောင်းဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။ တူးမြောင်းကို အောက် မြန်မာနိုင်ငံအား အင်္ဂလိပ်သိမ်းပိုက်ထားစဉ် ၁၈၈၁ ခုနှစ်တွင် ဖောက်က်လုပ်ခဲ့ပြီး ၁၈၈၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်မြစ်ထဲသို့ စီးဝင်သည့် ခနောင်တိုချောင်းမှတဆင့် ဧရာဝတီ၏ မြစ်လက်တက်ဖြစ်သော တိုးမြစ်သို့ ဖောက်လုပ်ခြင်း ဖြစ်သည်။ ဖောက်လုပ်ပြီးစီးသောအခါ ဗြိတိသျှလက်အောက်ရှိ မြန်မာပြည် ကုန်းတွင်းရေကြောင်းသွားလာရေး အားလုံးနီးပါးကို ကိုင်တွယ်ခဲ့သော Irrawaddy Flotilla Company.,Ltd ၏ သင်္ဘောများသည် တွံတေးတူးမြောင်းကို အသုံးပြုပြီး ရန်ကုန်မှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံအထက်ပိုင်းများသို့ နေ့စဉ်ပြေးဆွဲခဲ့သည်။