မောင်းတီးစေတီတော်

Listing Description

မောင်းတီးစေတီတော်သည် ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ တွံတေး-ကော့မှူးသွားလမ်းရှိ စမ်းရွာတွင်တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင်စေတီတော်တစ်ဆူဖြစ်ပါသည်။ မောင်းတီးစေတီသည် ရှေးမွန်များတည်ခဲ့သည့် ဂဝံစေတီတော် တစ်ဆူဖြစ်ပြီး လေးထောင့်အုတ်ခုံပေါ်တွင် ရှစ်မြှောင့်ပစ္စယာခံကာ စေတီကို တည်ထားသည်။ စေတီတော်၏ ဂဝံပစ္စယာသည် မူလအတိုင်း ကျန်ရှိနေကာ ပစ္စယာပေါ်တွင် တည်ထားသည့် စေတီတော်မှာမူ မူလလက်ရာမဟုတ်တော့ဘဲ ပြန်လည်တည်ဆောက်ကာ ရွှေချထားသည့် စေတီတော်ဖြစ်သည်။ စေတီတော်၏အောက်ခြေဖိနပ်တော်သည် စတုရန်းပုံဖြစ်ပြီး အနားတစ်ဖက်လျှင် ၁၄၃ ပေစီရှည်လျားပါသည်။ စေတီပန္နက်၏ထောင့် လေးနေရာတွင် စေတီငယ် တစ်ဆူစီရှိသည်။ ပန္နက်ပေါ်တွင် ရှစ်မြှောင့် ပစ္စယာ နှစ်ဆင့်ခံပြီး ယင်းအပေါ်တွင် အဝိုင်းပုံ ပစ္စယာလေးဆင့်ကို ပြုလုပ်ထားသည်။ ယင်းအပေါ်တွင် ဖောင်းရစ်ငါးခုပါရှိသည့် စေတီတော်ကို တည်ထားသည်။ စေတီတော်တွင် မူလလက်ရာများဖြစ်သည့် အောက်ခံ လေးထောင့် ပလ္လင်ခုံ၊ ရှစ်မြှောင့် ပစ္စယာ နှစ်ဆင့်နှင့် ပစ္စယာအဝိုင်းတို့ ကျန်ရှိနေသည်။ ရှစ်မြှောင့် ပစ္စယာပတ်လည်အနားများကို ထောင်လိုက်ကြည့်လျှင် ကလသာအိုးပုံ ပြုလုပ်ထားကြောင်း တွေ့ရှိရသည်။ ကလသာ အိုးများကို ပုဂံစေတီ ပုထိုးများတွင် တွေ့ရှိရလေ့ရှိသည်။

မောင်းတီးစေတီတော်တွင် အသုံးပြုထားသည့် ဂဝံအုတ်များသည် အလျား ၁၈ လက်မ၊ အနံ ခြောက်လက်မနှင့်ထု လေးလက်မအရွယ်ဖြစ်ကာ ၁၆ လက်မရှည်၍ ငါးလက်မထူသော ဂဝံအုတ်များကိုလည်း တွေ့ရှိရသည်။ အောက်ခံဖိနပ်တော်ပေါ်ရှိ ရှစ်မြှောင့် ပစ္စယာ နှစ်ခုအနက် ပထမပစ္စယာ သည် ၅၂ ပေပတ်လည်ရှိ၍ ငါးပေ ရှစ်လက်မမြင့်ကာ ဂဝံအုတ် ၁၁ လွှားစီထားသည်။ ဒုတိယပစ္စယာကို ဂဝံအုတ် ၁၇ လွှာစီထားကာ ခြောက်ပေ ကိုးလက်မ မြင့်သည်။ လေးထောင့်ပုံ ပစ္စယာနှစ်ဆင့်၏ အထက်တွင် အဝိုင်းပုံ ပစ္စယာ လေးဆင့်ရှိရာ ပထမအဆင့်သည် သုံးပေရှစ်လက်မမြင့်၍ ပတ်လည် အနားသည် ၂၇၂ ပေဖြစ်သည်။ ဒုတိယအဆင့် အဝိုင်းပုံ ပစ္စယာသည် ခြောက်ပေ ခုနှစ်လက်မမြင့်၍ ပတ်လည် အနားသည် ၂၅၁ ပေဖြစ်ကာ တတိယအဆင့် အဝိုင်းပုံ ပစ္စယာသည် နှစ်ပေခုနှစ်လက်မမြင့်၍ ပတ်လည်အနသည် ၂၁၂ ပေဖြစ်သည်။ စတုတ္ထအဆင့် အဝိုင်းပုံ ပစ္စယာမှာမူ သေးငယ်သွားပြီဖြစ်ပြီး တစ်ပေ ၁၁ လက်မမြင့်၍ ပတ်လည်အနားသည် ၁၉၅ ပေသာရှိသည်။ စတုတ္ထပစ္စယာအဝိုင်းပေါ်တွင် လက်ရှိစေတီတော်ကို တည်ထားပြီး ၁၉၇၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ကာ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ် မုန်တိုင်းဒဏ်ကြောင့်လည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ စေတီတော်၏ ဘေးတစ်ဖက်အနီးတွင် ပြတိုက်အငယ်စား တစ်ခုရှိပြီး အထဲတွင် အနော်ရထားမင်းကြီး၏ ဆုတောင်းစာပါ အုတ်ခွက်ဘုရားများကို ပြသထားပါသည်။ ထိုအုတ်ခွက်ဘုရားပါ အထောက်အထားများအရ ပုဂံခေတ် အနော်ရထာမင်းလက်ထက်တွင် တည်ထားခဲ့သည်ဟု ပညာရှင်များက သုံးသပ်ထားပါသည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ မောင်းတီးစေတီတော်နှင့် စေတီပရိဝုဏ်ကို ၂၀၀၈ ခုနှစ် ဇူလိုင် ၄ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၀၈ ဖြင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဇုန်အဖြစ် ထုတ်ပြန်သတ်မှတ်ထားရှိပါသည်။