ရွှေပုံတောင်ရန်အောင်မြင်စေတီတော်

Listing Description

မကွေးတိုင်းဒေသကြီး ချောက်မြို့မှ တစ်မိုင်ခန့်အကွာ ချောက်မြို့နှင့် စဉ့်ကူမြို့အကြား ရွှေပုံတောင်ရပ်ကွက်ဘေး ဧရာဝတီမြစ် ကမ်းအနီး ပဗ္ဗတတောင်တော်ပေါ်တွင် တည်ရှိပါသည်။ စေတီတော်ကြီးကို အင်းဝခေတ် သက္ကရာဇ် ၈၆၇ ခုနှစ်တွင် နရပတိစည်သူမင်းကြီး တည်ထားခဲ့ပါသည်။ ရှေးကဤဝန်းကျင်တွင် အလှူပွဲရှိလျှင် ပုတီး၊ နားတောင်း၊ လက်ကောက် စသောအဆင်တန်ဆာတို့ကို ငှားရမ်းဝတ်ဆင်လိုသူတို့သည် ညအခါ၌ တောင်စောင့်နတ်များထံ လာရောက်ပန်ကြားပါက နံနက်လင်းလျှင် တောင်၏အနောက်ဘက်ရှိ ကျောက်ဖျာကြီးပေါ်တွင် အလိုရှိရာ ရွှေ၊ ငွေ ပစ္စည်းများပုံလျက် တွေ့ရကြောင်း၊ အသုံးပြုပြီးလျှင်ပြန်ထားရကြောင်း၊ ထိုသို့ ရွှေများပုံလျက် တွေ့ရသောကြောင့် ရွှေပုံတောင်ဟုခေါ်ဆိုကြောင်း သိရပါသည်။ ရွှေပုံပေးသည်ဆိုသော ကျောက်ဖျာကြီးကို လည်း ယနေ့တိုင် တွေ့မြင်ရပါသည်။ ၁၆၃၇ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် စေတီတော်အထက်ပိုင်း ပြိုကျပျက်စီးခဲ့ရသည်။ ဘုရားပြိုရာမှ ဉာဏ်တော်ခြောက်လက်မခန့်ရှိသော ပဉ္စလောဟာဘုရား ၆၅ ဆူ၊ ဆံတော်စုများနှင့် အခြားဌာပနာသွင်း ပစ္စည်းများကို တွေ့ရှိခဲ့သည်။ ၁၃၃၈ ခုနှစ်တွင် ရွှေပုံတောင်ဆရာတော် ဦးပဏ္ဍိတဦးဆောင်၍ အများကောင်းမှုဖြင့် ရွှေထီးတော်သစ်တင်လှူ၍ ပြုပြင်မွမ်းမံခဲ့သည်။ ဘုရားပရိဝုဏ်အတွင်း အင်းဝခေတ်လက်ရာ ဗုဒ္ဓရုပ်ပွားတော်များကိုလည်း ဖူးမြော်မြင်တွေ့နိုင်ပါသည်။ ရွှေပုံတောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတောကြီးကို နှစ်စဉ် တော်သလင်းလပြည့်နေ့၌ ကျင်းပပါသည်။