ဓမ္မရံကြီးဘုရား

Listing Description

ဓမ္မရံကြီးဘုရားသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံတွင် တည်ရှိပါသည်။ ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားကြီးဖြစ်ပြီး အေဒီ ၁၁၆၅ တွင် နရသူမင်း (ခ) ကုလားကျမင်း (အေဒီ ၁၁၆၃-၁၁၆၅) တည်ခဲ့သည်။ ထု-ဓမ္မရံ၊ ဉာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ၊ တန်ခိုး- ရွှေစည်းခုံ ဟူသော အဆိုအရ ဓမ္မရံကြီးဘုရားသည် ပုဂံဒေသတွင် ထုထည် အကြီးဆုံး ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်သည်။ စေတီတော်၏ ပန္နက်ပုံစံသည် အာနန္ဒာလိုဏ်ဂူဘုရားကြီး ပန္နက်ပုံစံနှင့် ဆင်တူသည်။ စတုရန်းပုံဖြစ်၍ လေးမျက်နှာ၌ အာရုဏ်ခံမုခ်များ ရှိသည်။ ဂရိတို့၏ ကြက်ခြေခတ်ပုံစံသဘောမျိုး ဖြစ်သည်။ အာနန္ဒာဘုရားကဲ့သို့ပင် အမိုးနှစ်ဆင့် နိမ့်လျှောရှိ၍ ပစ္စယာလေးဆင့် တက်ထားသည်။ ထိုအထက်၌ ကွမ်းတောင်နှင့် အထွတ်တို့သည် ပျက်စီးလျက်ရှိသည်။ ဘုရားအလယ်မဏ္ဍိုင် ပတ်လည်၌ စင်္ကြံပတ်လမ်း နှစ်ထပ်ရှိသော်လည်း အတွင်းစင်္ကြံပတ်လမ်းအား ဘုရားတည်ပြီးလျှင်ပြီးချင်း ပြန်လည်ပိတ်ထားခဲ့ကြောင်း ပြန်ပိတ်ထားသော အုတ်အရွယ်အစားနှင့် မူလဘုရားတည် အုတ်အရွယ်အစားတူညီပြီး အင်္ဂတေအချောကိုင်ထားသည်မှာလည်း မူလက်ရာပင်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ထားကြပါသည်။ ဤဘုရား၏ ထူးခြားချက်မှာ အုတ်စီလက်ရာဖြစ်ပြီး မြေနီဖြင့် စီထားသော်လည်း အုတ်အစီအနင်းကောင်းသဖြင့် ငလျင်ဒဏ်အကြိမ်ကြိမ်ခံရသော်လည်း ထိခိုက်မှုနည်းပါးခဲ့ပါသည်။ အုတ်ဆက်များတွင် အပ်ထိုးမရအောင် စေ့စပ်ပြီး အချို့အဆက်များမှာ လုံးဝမမြင်ရလောက်အောင်ပင် စေ့စပ်သေချာလှပါသည်။ ဤဂူဘုရားကြီးမှာ မောင်းမလည်ခေါ် ချင်မိတ်တိုးတန်းတစ်ခုမှာ အဝင်အထွက် အကွေ့အကောက်များဖြင့် လူလျှောက်ရစေရန် နံရံအမြင့် တစ်ဝက်ခန့်တွင် ပြုလုပ်ထားကြောင်း လက်ကိုင်တန်းထည့်သော သံကိုင်းများ၊ မြှုပ်သော ကျောက်တုံးကျောက်ပြားများ၊ အပေါက်များ သက်သေအထောက်အထားအဖြစ် ကြွင်းကျန်ရစ်ပါသည်။ မူလနံရံဆေးရေးပန်းချီများမှာ နံရံအထက်ပိုင်း ပန်းဆွဲတန်းများ၊ ပေါင်းကူးပေါင်ပန်းများ၊ တိုင်မကြီးများတွင် ဆင်းတုတော်ပုံကြီးများ ရှိပါသည်။ အရှေ့ဘက်အာရုဏ်ခံ အတွင်းရှိ ကျောက်ဆင်းတုတော်ကြီးမှာ တစ်တုံးတည်းသော ကျောက်အမာစားကို ထွင်းထုပူဇော်ထားသော ဈာနမုဒြာဟန် ဆင်းတုတော်ကြီးဖြစ်ပါသည်။ ပြတင်းတံကဲများ၊ မုခ်တံကဲကြီးများတွင် အင်္ဂတေပန်း၊ အင်္ဂတေရုပ်ကြီးများ ရှိပါသည်။ မြောက်ဘက် အာရုဏ်ခံအတွင်းတွင် လေးထောင့်ကျောက်စာတိုင် တစ်တိုင်ရှိပြီး အစောလတ်ဆိုသူက သက္ကရာဇ် ၅၂၇ ခုနှစ်တွင် မြေ၊ နွား၊ ဥယျာဉ်၊ ကန်၊ ကျွန်များလှူဒါန်းကြောင်း ကဗ္ဗည်းရေးထိုးထားပါသည်။ အနောက်ဘက် အာရုဏ်ခံအတွင်းတွင်လည်း ဓမ္မရံသ္ခိင်မင်းဆရာ ပဏ္ဍိတ်ဟူ၍ စာပါသော ကျောက်စာနှစ်ချပ်လည်းရှိပါသည်။ အဆိုပါကျောက်စာအရ ပုဂံခေတ်ကတည်းကပင် ဓမ္မရံဘုရားဟု ခေါ်ဝေါ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။