ကိုဗစ်-၁၉ ကြောင့် မြသလွန်စေတီတော် (၂၅၈၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဈေးပွဲတော် ကျင်းပမည်မဟုတ်

Listing Description

မကွေး အောက်တိုဘာ ၁၀

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ် သီတင်း ကျွတ်လဆန်း ၁ဝ ရက်မှ သီတင်းကျွတ်လကုန် အထိ ရက် ၂ဝ ကြာ ကျင်းပမြဲဖြစ်သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် (၂၅၈၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်နှင့် ဈေးပွဲတော်ကို ကျင်းပတော့မည်မဟုတ်ကြောင်း မြသလွန်စေတီတော် ဂေါပကအဖွဲ့ထံမှ သိရ သည်။

"မြသလွန်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ဘုရားပွဲနဲ့ ဈေးပွဲတော်ကို နှစ်စဉ် သီတင်းကျွတ် လဆန်း ၁ဝ ရက်ကနေ သီတင်းကျွတ်လကုန် အထိ ရက် ၂ဝ ကြာ ကျင်းပတာပါ၊ လက်ရှိဖြစ် ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကျန်းမာ ရေးဌာနက တာဝန်ရှိသူများက ပွဲတော် မပြု လုပ်သင့်ကြောင်း ညွှန်ကြားထားသလို ဩဝါဒ ဆရာတော်ကြီးများကလည်း ရောဂါပြန့်ပွားမှု မရှိအောင် ထိန်းသိမ်းကာကွယ်ဖို့ မိန့်ကြားတဲ့ အတွက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်နဲ့ ဈေးပွဲတော် ကို မကျင်းပဖြစ်တော့တာပါ"ဟု စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အတွင်းရေးမှူး (၂) ဦးဝင်းနိုင်တင်က ပြောသည်။

နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ စတင် ကျင်းပသည့် မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ဗုဒ္ဓဝေယျာဝစ္စ အသင်းအဖွဲ့များက ပန်း ၉၀၀၀ ကပ်လှူခြင်း၊ ဆီမီး ၉၀၀၀ ထွန်းညှိ ပူဇော်ခြင်း၊ မကွေးမြို့ပေါ်ရှိ သံဃာအပါး ၂၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်း များ လောင်းလှူခြင်းဖြင့် ခမ်းနားစည်ကားစွာ ကျင်းပလေ့ရှိသည်။

ဈေးပွဲတော်တွင်လည်း ရိုးရာ အစားအစာ အမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းနှင့် တောင်သူသုံး ပစ္စည်းအမျိုးမျိုး၊ ပရိဘောဂပစ္စည်းအမျိုးမျိုး စသည်တို့ကို ဈေးဆိုင်ခန်းပေါင်း ၁၀၀၀ ကျော် ခင်းကျင်းပြသ ရောင်းချကာ ဖျော်ဖြေရေး အစီ အစဉ်များအဖြစ် မြန်မာ့ရိုးရာ ခြင်းအလှခတ် ပြပွဲ/ပြိုင်ပွဲများ၊ ဆပ်ကပ်အဖွဲ့များ၊ ဇာတ်ပွဲများ စုံလင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ လေ့ရှိကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)