ရခိုင်မဟာမုနိမြတ်စွာဘုရား

Listing Description

မဟာမုနိ ရခိုင်မြတ်စွာဘုရားသည် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် စလေမြို့ မြို့ကုန်းအရှေ့ရပ် နတ်မော်အနီးတွင် တည်ရှိပြီး အမရပူရမြို့နန်းတည် ဘိုးတော်ဗဒုံမင်း၏ ကောင်းမှုတော်ဖြစ်ပါသည်။ သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် ဘိုးတော်ဗဒုံမင်းက သားတော်ကြီး အိမ်ရှေ့ဥပရာဇာ ရွှေတောင်မင်းသားကို ရခိုင်သို့ ချီတက်သိမ်းပိုက်စေပြီး အောင်နိုင်ခဲ့သဖြင့် ရခိုင်မင်းနှင့် မိဖုရားများ၊ ဆွေတော်မျိုးတော်များ၊ ပညာရှိမှူးမတ်များ၊ သုံ့ပန်းများ၊ ဆင်မြင်းဗိုလ်ပါများ၊ ယိုးဒယားကြေးရုပ်ကြီးများ (စကားချပ်- ယခုအခါ ရှေးဟောင်းကမ္ဘောဒီးယားကြေးရုပ်ကြီးများဟုသိရ)၊ ရခိုင်မင်းအစဉ်အဆက်ကိုးကွယ်ခဲ့ကြသော မဟာမုနိရုပ်ပွားတော်မြတ်နှင့် အခြားရုပ်ပွားတော်များ စသည်တို့ကို ဆောင်ကြဉ်းလာခဲ့ရာ စလေမြို့သို့အရောက် ခရီးတစ်ထောက်ရပ်နားစဉ်တွင် ပင်ဆောင့်လာသော မဟာမုနိရုပ်ပွားတော်ကြီး ကိုယ်စား ဘုရားတည်ထားခဲ့ပါသည်။ ဘုရားတည်ရာတွင် စလေမြို့ဝန်မင်း၊ သူကြီးများနှင့် မြို့သူမြို့သားတို့က လိုအပ်ရာတာဝန်ယူဆောင်ရွက်ခဲ့ကြသည်ဟု သိရပါသည်။ ရခိုင်မဟာမုနိမြတ်စွာဘုရားကြီးသည် မြို့ကုန်းအရှေ့ရပ်၏ ရပ်ကွက်ဘုရားကြီးလည်းဖြစ်ပါသည်။ နှစ်စဉ် တော်သလင်းလပြည့်ကျော် ၂ ရက်နေ့ ညနေပိုင်းတွင် ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် လပြည့်ကျော် ၂ ရက်နေ့ နံနက်တွင် သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။