ရွှေမြင်တင်စေတီ

Listing Description

မိတ္ထီလာမြို့၏ သမိုင်းဝင် ရွှေမြင်တင်စေတီတော်သည် မိတ္ထီလာကန်၏ အရှေ့ဘက်ရှိ မင်းဝံတောင်ကုန်းထိပ်တွင် တည်ရှိပြီး ရန်ကုန်-မန္တလေး ကားလမ်းမကြီး၏ အရှေ့ဘက်ဘေးတွင် တည်ရှိပါသည်။ ဦးထွဏ်းလွင် (မိတ္ထီလာ) ရေးသားပြုစုသော မိတ္ထီလာမြို့နယ်ဖြစ်စဉ်သမိုင်းမှတ်တမ်းတွင် "နရပတိစည်သူမင်းလက်ထက်တွင် မိတ္ထီလာခရိုင်အတွင်းမှ တွေ့ရှိရသော ခေတ်ပြိုင်ကျောက်စာ ၉ ချပ် အရလည်းကောင်း၊ အမျိုးသားစာကြည့်တိုက်ရှိ ပေအမှတ် (၅၄၃) ပါ မိတ္ထီလာကန် ကျောက်စာအရလည်းကောင်း၊ ဒေါက်တာသန်းထွန်း၏ ၂၀၀၅ ခုနှစ်၊ ဇဗ္ဗူဒီပဦးဆောင်းကျမ်းစာ-၁၃၂ အရလည်းကောင်း ရွှေမြင်တင်စေတီတော်ကို နရပတိစည်သူမင်း(၁၁၆၈-၁၂၃၁)က မိတ္ထီလာကန်ကို ပြန်လည်ပြုပြင်တည်ဆောက်ရင်း တည်ထားကိုးကွယ်ခဲ့သည်ဟု မှတ်ယူရသည်" ဟူ၍ ဖော်ပြထားပါသည်။ ဗဒုံမင်းလက်လက်ထက်တွင် မိတ္ထီလာကန်ကို ပြန်လည်ဆည်ဖို့ရင်း စေတီတော်ကို ထီးတော်အသစ်တင်လှူခဲ့ကြောင်း ဦးမောင်မောင်တင်၏ ကုန်းဘောင်ဆက် ရာဇဝင်ဒုတွဲ စာ-၈၅ တွင် ဖော်ပြထားပါသည်။ ထို့နောက် နောင်နှစ်ပေါင်းများစွာ မပြုပြင်နိုင်ဘဲရှိခဲ့ရာ စစ်ဘေးစစ်ဒဏ်တို့ကြောင့် စေတီငုတ်တိုအဖြစ်သို့ ရောက်ကာ ၁၉၃၅ ခုနှစ်ခန့်တွင် အင်္ဂလိပ်စစ်တပ်မှ စစ်သုံးမှန်ပြ မီးပြတိုက်အဖြစ် အသုံးပြုခြင်းခံခဲ့ရပါသည်။ မြန်မာလူမျိုးများက ပြန်လည်ရယူကာ စေတီတော်ကြီးအား မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်မှ ဦးလှိုင်းနှင့် သားဖြစ်သူ ဦးကျော်ဇောတို့မှ ပြန်လည် ပြုပြင်မွမ်းမံခဲ့ကြခြင်း ဖြစ်ပါသည်။ စေတီတော်၏ ဘွဲ့အမည်မှာ မဟာဓမ္မရာဇိက ဟုအစဉ်အလာမှတ်သားခဲ့ကြပြီး ဉာဏ်တော်အမြင့်မှာ အောက်ခြေ ဖိနပ်တော်မှ အထွတ် တော်အထိ (၁၂၆) ပေရှိရှိပါသည်။ ခေတ်အဆက်ဆက် မိတ္ထီလာမြို့သူမြို့သားများမှ စေတီတော်အား ပြုပြင်ခြင်း၊ တန်ဆောင်းဆောက်လုပ်ခြင်း၊ ရုပ်ပွားတော်များပူဇော်ခြင်းနှင့် အခြားသာသနိက အဆောက်အအုံများ ဆောက်လုပ်ခြင်းများကို ဂေါပကအဖွဲ့များဖြင့် အဆက်ဆက်လှူဒါန်းခဲ့ကြသည်။ နှစ်စဉ် ကဆုန်ညောင်ရေသွန်းပွဲကျင်းပ၍ စည်ကားလှပါသည်။