မုန်တိုင်အုတ်ကျောင်း

Listing Description

ထီလာပုဂံဟု တင်စားကြသည့် မုန်တိုင်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများအနက် အုတ်ကျောင်းတော်ကြီး၊ အုတ်ဇရပ်နှင့် နံရံဆေးရေးပန်းချီများ၊ ရွှေဘုံသာစေတီခေါ် ဇာတ်ဘုရားတို့သည် အထင်ရှားဆုံးဖြစ်ကြပါသည်။ မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာ၏ မြောက်ဘက် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၏ မြောက်ဘက်ခြမ်းတွင် တည်ရှိသည့် အုတ်ကျောင်းတော်ကြီးသည် အလျား ၁၁၆ ပေ၊ အနံ ၈၃ ပေနှင့် အမြင့်ပေ ၈၀ ရှိပါသည်။ အုတ်ကျောင်းကြီးသည် အထပ်သုံးထပ်ပါရှိကာ မြေညီထပ်လေးဘက်တွင် မုခ်ပေါက် ၅ဝ ရှိပါသည်။ ပထမထပ်တွင် မျက်နှာတစ်ဖက်လျှင် မုခ်ပေါက် သုံးပေါက်စီ ဖောက်ထားသဖြင့် မုခ်ပေါက် ၁၂ ခု ရှိပါသည်။ အပေါ်ဆုံးထပ်တွင် ကျောင်းတော်ကြီး၏ထိပ်သို့ တက်နိုင်သည့် မတ်စောက် ကျဉ်းမြောင်းသော အုတ်လှေကား တစ်ခုရှိရာ အကျယ် နှစ်ပေခွဲနှင့် အမြင့်မှာ ငါးပေခွဲခန့်ရှိပါသည်။ ယင်းလှေကားမှ တက်ရောက်သွားလျှင် အုတ်ကျောင်းကြီး၏အရှေ့ဘက် အမိုးစွန်းရှိသည့်နေရာသို့ ရောက်ရှိပါသည်။ အုတ်ကျောင်းအပေါ်ထပ်တွင် အလျား ၁၈ ပေ၊ အနံ ၅ပေ ခွဲခန့် ကျယ်ဝန်းသည့် အခန်းတစ်ခုကို မြင်တွေ့နိုင်ပါသည်။ ကျောင်းကြီး၏ ပထမထပ် အရှေ့ဘက်တွင် ဘုရားကျောင်းဆောင် တစ်ဆောင်ထည့် သွင်းပြုလုပ်ထားပါသည်။ မုန်တိုင်အုတ်ကျောင်းကြီးကို ခရစ်နှစ် ၁၇၄၉ ခုနှစ် အင်းဝ မဟာဓမ္မရာဇာဓိပတိမင်းလက်ထက်တွင် အလှူရှင် ဦးပန်းရနှင့် ဇနီးဒေါ်စိန်တာတို့က တည်ဆောက်ခဲ့သည်ဟု မှတ်သားရပါသည်။ မင်းတုန်းမင်း၏ ဂိုဏ်းချုပ်ဆရာတော်ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရသော မန္တလေးတောင်ခွန်တိုက်အုပ်ဆရာတော် ဦးဉာဏကို ကိုးမြို့ဝန် ဦးဘုံမှ ကျောင်းထိုင်ရန် အခမ်းနားဖြင့် ပင့်ဆောင်ကာ ဤအုတ်ကျောင်း၌ ကျောင်းထိုင်စေခဲ့ပါသည်။ ခရစ်နှစ် ၁၇၄၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆကြသည့် မုန်တိုင်အုတ်ကျောင်းပုံစံသည် အင်းဝမြို့ဟောင်းရှိ နန်းမတော်မယ်နုအုတ်ကျောင်းနှင့် ဆင်တူကာ ကျောင်းအောက်ခြေတွင် လိုဏ်များပါရှိပြီး ကျောင်း၏မြောက်ဘက်တွင် သရက်ကင်းအုတ်လှေကားနှစ်စင်း တပ်ဆင်ထားပါသည်။ သို့သော် မုန်တိုင်အုတ်ကျောင်းသည် အလျား ၁၉၂ ပေ၊ အနံ ၁၁၂ ပေ၊ အမြင့် ၉၄ ပေရှိကာ ခရစ်နှစ် ၁၈၂၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် မယ်နုအုတ်ကျောင်းအောက် သေးငယ်ပါသည်။ မုန်တိုင်အုတ်ကျောင်းတွင် ၂ဝ၁၁ ခုနှစ်အထိ ဘီးပါသော စာတိုက်သေတ္တာကြီး နှစ်လုံးနှင့် ဘီးမပါသော စာတိုက် သေတ္တာ နှစ်လုံး ရှိခဲ့ပြီး ယခုအခါတွင် ဘီးမပါသော စာတိုက် သေတ္တာနှစ်လုံးကိုသာ မြင်တွေ့ကြရပါသည်။ ပိဋကတ်ပေစာထုပ်များကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ ကျန်ရှိသည့် ပေစာထုပ်များကို မုန်တိုင်အုတ်ကျောင်းပေါ်ရှိ စာတိုက်သေတ္တာကြီးနှစ်လုံးတွင် သိမ်းဆည်း၍ ထိန်းသိမ်းစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပါသည်။