မာရ်အောင်မြင်ပြည်တော်ပြန်ဘုရား

Listing Description

မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ရှိ ဂန္ဓကုဋိတိုက်တွင် စံပယ်တော်မူလျှက်ရှိပါသည်။ သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် ဘိုးတော်ဘုရား(ဗဒုံမင်း)၏ သားတော်သီဟသူ ဓညဝတီ သို့ချီတက်တိုက်ခိုက်သိမ်းပိုက်ရာ ဓညဝတီမှ မဟာမုနိရွှေဘုံသာမုနိနှင့် မာရ်အောင်မုနိ စသောကြေးသွန်းရုပ်ပွားတော်သုံးဆူကို အမရပူရမြို့သို့ ပင့်ဆောင်ခဲ့သည်။ ပုဂံမင်းလက်ထက်တွင် ဇလွန်မြို့သူကြီး ဦးရွှေပွင့်သည် မိဖုရားခေါင်ကြီး၏ခွင့်ပြုချက်ဖြင့် မာရ်အောင်မြင် ရုပ်ပွားတော်အား ဧရာဝတီမြစ်ကြောင်းမှ တစ်ဆင့်ပင့်ဆောင်လာပါသည်။ ၁၂၁၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၈ ရက်တွင် ဇလွန်သို့ရောက်ရှိပါသည်။ ၁၂၁၇ တွင် အင်္ဂလိပ်စစ်ဗိုလ် ဂျွန်ဆင်က မာရ်အောင်မြင်ဘုရားကို အမြောက်ဆံ၊ ကျည်ဆံ အစရှိသော လက်နက်ခဲယမ်းများ၊ ကြေးပိုက်ဆံများ ပြုလုပ်ရန်အတွက် အိန္ဒိယနိုင်ငံ ဘုံဘေသို့ သင်္ဘောဖြင့်တင်ယူသွားသည်။  မာရ်အောင်မြင်ဆင်းတုတော်ကို မီးနှင့်ကြိုရာ အရည်မပျော်ပဲ မိုးကြီးလေကြီးများကျရောက်ပြီး မီးကျိုသူများသာ သွေးအန်၊ ဝမ်းလျှော သေဆုံးကုန်ကြသည်။ ထိုအချိန်တွင် ဝိတိုရိယဘုရင်မကြီးမှာ ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာဖြစ်ပြီး ဆရာဝန်များကုသမရပဲရှိရာမှ တစ်ညတွင် ဗမာပြည်မှဘုရားကို မူလနေရပ်သို့ပြန်ပို့မှ ရောဂါပျောက်ကင်းမည် ပြန်မပို့ပါက နတ်ရွာစံမည်ဟု အိမ်မက်မြင်မက်သဖြင့် ဘုံဘေရှိ ဂိုဒေါင်အတွင်းရှာဖွေပြီး ၁၂၁၉ တွင် အိန္ဒိယပြည်မှ မြန်မာပြည်သို့ သင်္ဘောဖြင့် ပြန်လည်ပို့ဆောင်မှသာ ရောဂါပျောက်ကင်းသွားသည်ဟု သိရပါသည်။ မာရ်အောင်မြင်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို တပေါင်းလဆန်း (၉)ရက်မှ လပြည့်အထိ ခုနှစ်ရက်တိုင်တိုင် ကျင်းပလေ့ရှိသည်။ ယခုအခါ မုနိလေးဆူဝင် ရုပ်ပွားတော်မြတ်များဖြစ်ကြသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)သည် မန္တလေးမြို့၌လည်းကောင်း၊ ရှင်ကျော်မုနိသည် ကျောက်တော်မြို့၌လည်းကောင်း၊ ရွှေဘုံသာမုနိသည် ဧရာဝတီမြစ်ကမ်းနဖူးရှိ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာရှိ ရွှေဘုံသာစေတီတော်မြတ်ကြီး၏ ဌာပနာတိုက်အတွင်း၌လည်းကောင်း၊ မာရ်အောင်မုနိသည် ဇလွန်ပြည်တော်ပြန်ဘုရားအဖြစ် ဇလွန်မြို့၌လည်းကောင်း အသီးသီး ကိန်းဝပ်စံပယ်လျက်ရှိသည်။