ရွှေမဉ္ဇူရေလယ်စေတီတော်

Listing Description

ရွှေမဉ္ဇူရေလယ်စေတီတော်သည် ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးမြို့ နန့်ပတဲကျေးရွာအရှေ့ဘက် အင်းတော်ကြီးအိုင်၏ အနောက်ဘက်ကမ်းခြေမှ ပေ ၁၅၀ဝ အကွာ၊ လင်းလုံသဲသောင်စွယ်ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိပါသည်။ သမိုင်းဝင်ရွှေမဉ္ဇူ စေတီတော် ရေလယ်ဘုရားကြီးကို သာသနာတော်နှစ် ၂၄၁၂ ခုနှစ်၊ သက္ကရာဇ် ၁၂၃၀ ပြည့်နှစ် တပေါင်းလဆန်း ၁၁ ရက် (၂၀-၂-၁၈၆၉ ခုနှစ်) စနေနေ့ နံနက် ၁၀ နာရီခွဲတွင် ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းတရားကြီးလက်ထက်၌ ဦးသာအေး (ခ) အရှင်သောဘိတ ဦးစီးနာယကဆောင်ရွက်၍ မြတ်စွာဘုရား၏ သရီရဓာတ်တော်ငါးဆူတို့ကို ရွှေသေတ္တာ၌ ထည့်ကာ ရတနာရွှေစင်ဖြင့် ပြုလုပ်ထားသော လှေပေါ်တွင်တင်၍ ဌာပနာတည်တော်မူခဲ့ကြောင်း စေတီတော်မှတ်တမ်းများအရ သိရပါသည်။ ရွှေမဉ္ဇူဘုရားကို ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်း မွမ်းမံခဲ့ကြသည်ကြောင့် ယနေ့အခါတွင် ဉာဏ်တော် ပေ ၅၀၊ ဖိနပ်တော် ၃၉ ပေ ၁၀ လက်မအထိ တည်ရှိပါသည်။ စေတီတော်၏ ပစ္စယံ အဆင့်ဆင့်၌ မုခ်ငယ်များ တည်ဆောက်ကာ ကျောက်ဆင်းတုတော်များ စံပယ်တော်မူလျက်ရှိပါသည်။ အရံစေတီငယ်ပေါင်း ၁၅၂ ဆူကိုလည်း တည်ထားပါသည်။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ ထင်ရှား၍ တင့်တယ်သပ္ပာယ်စွာ ကိန်းဝပ်စံပယ်တော် မူလျက်ရှိပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိ ခုနှစ်ရက်တိုင်တိုင် ကျင်းပလေ့ရှိပါသည်။ ရေနည်းသည့်ကာလဖြစ်သည့် ပွဲတော်ရက်အတွင်း ကမ်းခြေမှ ရေလယ်ဘုရားသို့သွားရန် နတ်လမ်း၊ လူလမ်းဟူ၍ ပေါ်လာလေ့ရှိပြီး ကချင်ပြည်နယ်အတွင်း အစည်ကားဆုံးဘုရားပွဲတော်တစ်ခုဖြစ်သည်ဟု သိရှိရပါသည်။