အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

Listing Description

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၈၁၄.၉၉ စတုရန်းကီလိုမီတာ (၃၁၄.၆၇ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ထို့ပြင် နိုင်ငံပေါင်း ၁၆၈ နိုင်ငံ ပါဝင်ဖွဲ့စည်းထားသော ရေတိမ်ဒေသများဆိုင်ရာ ကွန်ဗင်းရှင်း (ရမ်ဆာကွန်ဗင်းရှင်း)မှ သတ်မှတ်သည့် “ရမ်ဆာရေဝပ်ဒေသများ” ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အင်းတော်ကြီးအိုင်အပါအဝင် ဆက်စပ် သစ်တောကြိုးဝိုင်း ၅ ခု၊ စုစုပေါင်းဧရိယာ ၂၀၁,၃၈၉ ဧက (၈၁,၄၉၉ ဟက်တာ)ကို အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် ၂၀၀၄ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

ဘေးမဲ့တော၏ ၅၀%သည် ရွက်ကြွေတောများ ဖုံးလွှမ်းထားပြီး ၃၀%ကို wetland(စိမ့်မြေတော) များက ဖုံးလွှမ်းထားသည်။ အခြားသစ်တောအမျိုးအစားများမှာ အမြဲစိမ်းတော(Riverine)၊ ရွက်ကြွေတော(ဝါး)၊ တောင်ပေါ်တော(ထင်းရှူး) ဖြစ်သည်။ စာရင်းဇယားများအရ ၁၆၅ မျိုးသော သစ်ပင်နှင့် ဆေးဘက်ဝင်သစ်ပင်မျိုးစိတ်များ၊ နို့တိုက်သတ္တဝါ ၃၈ မျိုး၊ ငှက်မျိုးစိတ် ၄၄၈ မျိုး၊ တွားသွားသတ္တဝါ ၄၁ မျိုး၊ ကုန်းနေရေနေ သတ္တဝါ ၃၄ နှင့် လိပ်ပြာအမျိုးပေါင်း ၅၀ ကျော် ရှိသည်။ ပျက်သုန်းလုနီးအန္တရာယ်နှင့်ရင်ဆိုင်နေရသော White-rumped vulture(Gyps bengalensis)နှင့် မြန်မာနိုင်ငံတွင်သာတွေ့ရသော အန္တရာယ်ရှိမျိုးစိတ် ဖြစ်သော နဖားကြူး(Crypsirina cucullata) တို့အပါအဝင် ငှက်မျိုးစိတ် ၁၀ မျိုး ရှိနေသောကြောင့် ၂၀၀၄ ခုနှစ်တွင် Important Bird Area (IBA) အဖြစ်သတ်မှတ်ထားခဲ့သည်။

နှစ်စဉ် ဒေသတွင်းနှင့် နိုင်ငံခြားသားခရီးသယ်များစွာ လည်ပတ်လေ့ရှိသည်။ အင်းတော်ကြီးအိုင်၏အလယ်တွင် ရွှေမဉ္ဇူဘုရား တည်ရှိနေသဖြင့် မြန်မာပြည်၌ အသွားများသော နေရာထဲက တစ်ခုအပါအဝင်ဖြစ်သည်။

ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ

- ကချင်ပြည်နယ်၏တန်ခိုးကြီး ရေလယ်ရွှေမဉ္ဇူဘုရား ဖူးမြင်ခွင့် ရရှိခြင်း၊

- အရှေ့တောင်အာရှ၏ အကြီးဆုံး ကုန်းတွင်းရေအိုင်ကြီး တစ်ခုကို ရှုမြင်ခံစားနိုင်ခြင်း၊

- ရေတိမ်ဒေသ ဂေဟစနစ်ကိုလေ့လာနိုင်ခြင်း၊

- ဆောင်းခိုငှက်များကို လေ့လာနိုင်ခြင်း၊

- သဘာဝ သစ်တော ကြိုးဝိုင်းကြီးများ၏ သားငှက် တိရစ္ဆာန်၊ သစ်ပင်၊ ပန်းမာန်မျိုးစုံတို့ကို လေ့လာနိုင်ခြင်း၊

- ဒေသခံ ရှမ်း၊ ကချင်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် လူနေမှုစနစ်ကို လေ့လာနိုင်ခြင်း။