မြန်မာနိုင်ငံ၌သာရှိသည့် ရှားပါး မြန်မာ့မျိုးရင်း ငါးမျိုးစိတ်တစ်မျိုးကို အင်းတော်ကြီးကန်၌ ထိန်းသိမ်းစောင့်ရှောက်ထား

Listing Description

မိုးညှင်း နိုဝင်ဘာ ၂၁

ကမ္ဘာပေါ်တွင်  မြန်မာနိုင်ငံ  ကချင်ပြည်နယ် အင်းတော်ကြီးကန်၌သာ  နေထိုင်ကျက်စား သော ရှားပါး မြန်မာ့မျိုးရင်း ငါးမျိုးစိတ်တစ်မျိုး ဖြစ်သည့် မိကျောင်းသွားကြားထိုးတံ ငါးမျိုး စိတ်များကို မျိုးသုဉ်းပျောက်ကွယ်သွားခြင်း မရှိစေရေးအတွက်  ထိန်းသိမ်းရေးဇုန်တစ်ခုသတ်မှတ်ပြီး ယင်းငါးမျိုးကို ထိခိုက်စေမည့် ငါးဖမ်းကိရိယာများကို  တားမြစ်ကာ  ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ   တစိုက် မတ်မတ် ဆောင်ရွက်နေကြောင်း အပြည်ပြည် ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် အဖွဲ့(FFI)(မြန်မာ)မှ သိရသည်။

"ဒီ  မိကျောင်းသွားကြားထိုးတံ  ငါးမျိုး ဟာ  အင်မတန်ရှားတယ်။  ၂၀၁၃  ခုနှစ်မှာ စတွေ့တာပါ။ ကမ္ဘာပေါ်မှာ ဘယ်မှာမှမရှိဘူး။ တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံ အင်းတော်ကြီး ကန်မှာပဲရှိတယ်။  အင်းတော်ကြီး  ရေချိုကန် ကလည်း မြန်မာနိုင်ငံမှာ အကြီးဆုံးပါ။ ကန်ရဲ့ နေရာတိုင်းမှာလည်း   ဒီငါးမျိုးစိတ်တွေက မနေဘူး။  သူတို့နေတဲ့  နေရာသီးသန့်လေး ရှိတယ်။ ကန်ခြေ ရေစပ် မြက်တောတွေရှိတဲ့ နေရာလေးမှာ နေတာ။  အဲဒီနေရာလေးပျက် သွားရင်  ဒီငါးမျိုးစိတ်တွေ  ပျောက်သွားမှာပဲ။ ဒီလို ရှားပါးငါးက   ပိုဆိုးတယ်။ ဒေသခံ ရေ လုပ်သားတွေကလည်း  ရင်တွန်း၊  ယက်သဲ့၊ မြှုံးစိပ်စတဲ့   ငါးဖမ်းကိရိယာတွေသုံးပြီး     ငါး၊ ပုစွန်တွေကိုဖမ်းတာ တော်တော်များတယ်၊ အဲဒီလို ကိရိယာတွေသုံးပြီးဖမ်းတော့ ဒီငါးမျိုး စိတ်တွေကိုပါ  ဖမ်းမိပြီး  သေကုန်တာပေါ့။ ဒီတော့ ကျွန်တော်တို့က ဒေသခံရေလုပ်သား တွေနဲ့ ညှိနှိုင်းတယ်။ အဲဒီ ငါးဖမ်းကိရိယာတွေ သုံးရင်  မျိုးပြုတ်သွားလိမ့်မယ်ဆိုတော့ အခု သူတို့က မသုံးတော့ဘူး၊ မသုံးတော့ရင် မျိုး မပြုတ်နိုင်တော့ဘူးပေါ့။ ဒေသခံ ရေလုပ်သား တွေ   ပူးပေါင်းပါဝင်လာတယ်လို့  ဆိုရမယ်။ ပြီးတော့ ငါးလုပ်ငန်းဦးစီးဌာနကလည်း ဒီငါး တွေ မျိုးမသုဉ်း မပျောက်ကွယ်စေရေးအတွက် အင်းတော်ကြီးကန်အတွင်း ထိန်းသိမ်းရေး ဇုန် သတ်မှတ်ပြီး ဒီငါးမျိုးကို ထိခိုက်စေမယ့် ငါးဖမ်းကိရိယာတွေကို တားမြစ်ထားတယ်" ဟု အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့(မြန်မာ)မှ  ရေချို ရေငန် ထိန်းသိမ်းရေးအစီအစဉ် မန်နေဂျာ ဦးဇော် လွန်းက ရှင်းပြသည်။

ယင်းငါးမျိုးစိတ်သည်  ပင်လယ်ထဲတွင် နေထိုင်ကျက်စားသော  ရေနဂါးနှင့်  မျိုးရင်း တူကြောင်း၊ ယင်းငါးမျိုးရင်းမှ ကမ္ဘာပေါ်တွင် နေထိုင်ကျက်စားသော အမျိုးအစား ၁၇ မျိုး ရှိသော်လည်း ၎င်းတို့ထဲမှ အများစုကို ရေချို ရေငန်စပ်  ဒေသများနှင့်  ဆက်စပ်နေသော ရေချို  ရေပြင်များတွင်သာ အများဆုံးတွေ့ရ ကြောင်း၊ အင်းတော်ကြီးကန်တွင် ကျက်စား သော မိကျောင်းသွားကြားထိုးတံ ငါးမျိုးမှာမူ ပင်လယ်ပြင်မှ    မိုင်ပေါင်း   ၉၀၀   ကျော်ခန့် ဝေးကွာသော ရေချိုစစ်စစ် ကန်ထဲတွင်သာ ကျက်စားသည့်   ထူးခြားသောမျိုးစိတ်တစ်ခု ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ရှင်းပြ သည်။

ငါးလုပ်ငန်းဦးစီးဌာန အင်းတော်ကြီး ဒေသရုံး(ခွဲ)မှ လက်ထောက်ဦးစီးမှူး တာဝန်ခံ ဦးမျိုးညွန့်မောင်ကလည်း  "ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှာ  ထုတ်ပြန်ခဲ့တဲ့  အမိန့်  ကြော်ငြာ စာအမှတ်(၃၄/၂၀၁၅)အရ   မြန်မာ့   ရေချို ငါးလုပ်ငန်းကဏ္ဍ  ရေရှည်ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ဒီဒေသမှာရှိတဲ့ ငါးမျိုးစိတ်တွေ ပျောက်ကွယ်မသွားအောင်   ထိန်းသိမ်းရေး လုပ်ငန်းတွေလုပ်ဖို့  ငါးမဖမ်းရတဲ့  ငါးထိန်း သိမ်းရေးဇုန်   ငါးဇုန်ကို   သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ရှားပါးတဲ့ မိကျောင်းသွားကြားထိုးတံ ငါးမျိုးစိတ်ကို   ထိန်းသိမ်းဖို့အတွက်လည်း  အင်းတော်ကြီးကန်အတွင်း    ဟဲပုရေပြင်မှ ဟဲပါးရေပြင်အထိ  အကျယ်အဝန်း  ခန့်မှန်း ဧရိယာ ဧက ၃၀ ကို တစ်နှစ်ပတ်လုံး ဒီငါးမျိုး တွေကို ထိခိုက်စေမယ့် ငါးဖမ်းကိရိယာတွေကို ကန့်သတ်တဲ့   ငါးထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားပါတယ်။ နောက် ဒေသခံ ရေ လုပ်သားတွေရဲ့  သဘောထားကို ရယူပြီး ဒီ မိကျောင်းသွားကြားထိုးတံ    ငါးမျိုးစိတ်တွေ ပေါက်ဖွားရာနဲ့  နေထိုင်ရာ  နေရာကို ငါးဖမ်း ကိရိယာကန့်သတ်ထားတဲ့ ငါးထိန်းသိမ်းရေး ဇုန်အဆင့်မှ  တစ်နှစ်ပတ်လုံး  ငါးမဖမ်းရတဲ့ ဇုန်အဖြစ် သတ်မှတ်ပေးဖို့လည်း တင်ပြထား ပါတယ်၊ အဓိကကတော့ သယံဇာတတွေကို အသုံးချနေတာက   ဒေသခံပြည်သူတွေပေါ့၊ ထိန်းသိမ်းရေးလုပ်ဆောင်ရာမှာ  သူတို့ကိုယ် တိုင် ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်၊ အခုဆိုရင် သူတို့ပါဝင်လာတော့ ဒေသမှာရှိတဲ့ ငါးတွေကို    ထိန်းသိမ်းပြီးသား   ဖြစ်လာတာ ပေါ့"ဟု ပြောသည်။

လက်ရှိအချိန်တွင် အင်းတော်ကြီးကန်ရှိ ရှားပါးငါးမျိုးစိတ်ဖြစ်သော အဆိုပါ မိကျောင်း သွားကြားထိုးတံ ငါးမျိုးစိတ်များကို မျိုးသုဉ်း ပျောက်ကွယ်သွားခြင်းမရှိစေရန်  ငါးလုပ်ငန်း ဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့(မြန်မာ)တို့မှ ဝန်ထမ်းများက ဒေသခံ ရေလုပ်သားများနှင့် ပူးပေါင်းကာ     ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို  စဉ်ဆက်မပြတ်  ဆောင် ရွက်လျက်ရှိကြောင်း   ငါးလုပ်ငန်းဦးစီးဌာန အင်းတော်ကြီးဒေသရုံး(ခွဲ)မှ သိရသည်။

ပိန်းဇလုပ်သိန်းညွန့်