အင်းတော်ကြီးကန်နှင့် ဆက်စပ်ရေဝပ်ဧရိယာအတွင်း ရေပျော်ငှက်မျိုးစိတ်သစ်သုံးမျိုး တွေ့ရှိ

Listing Description

မိုးညှင်း ဒီဇင်ဘာ ၁၃

မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အရှေ့ တောင်အာရှတွင် တတိယအကြီးဆုံး ကုန်းတွင်းရေချိုအိုင်ကြီးဖြစ်သော အင်းတော်ကြီးကန်နှင့် ဆက်စပ်ရေဝပ် ဧရိယာအတွင်း ၂၀၁၉-၂၀၂၀ တွင် မြန်မာနိုင်ငံအတွက် ရေပျော်ငှက် မျိုးစိတ်သစ်တစ်မျိုးနှင့် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အတွက် ရေပျော်ငှက်မျိုးစိတ်သစ် နှစ်မျိုး စုစုပေါင်း မျိုးစိတ်သစ်သုံးမျိုး ကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရ သည်။

“အရင်က အင်းတော်ကြီးကန် နဲ့ ဆက်စပ်ရေဝပ်ဧရိယာအတွင်း ရေပျော်ငှက်မျိုး ၁၁၀ တွေ့ရှိမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ မှာ ရေပျော်ငှက်မျိုးစိတ်အသစ် သုံးမျိုး ထပ်တွေ့တော့ လက်ရှိအချိန်ထိ ရေပျော်ငှက်မျိုး ၁၁၃ မျိုးကို မှတ်တမ်း တင်ထားနိုင်ပြီ ဖြစ်ပါတယ်။ အသစ် တွေ့တဲ့ ရေညှောင့်၊ တောဘဲငန်း၊ တောင်ပံဖြူမြစ်တွေး ရေပျော်ငှက်မျိုးစိတ်သစ်သုံးမျိုးထဲမှာ ရေညှောင့်ငှက် ဆိုရင် အင်းတော်ကြီးဘေးမဲ့တောမှာ သာမက မြန်မာနိုင်ငံအတွက်လည်း မျိုးစိတ်အသစ်ဖြစ်တယ်။ နောက်ပြီး တောဘဲငန်းငှက်မျိုးစိတ် အသစ်ကို အရင်က မြစ်ကြီးနားမြို့အနီး ဧရာဝတီမြစ်အတွင်း တွေ့ရှိတယ် ဆိုပြီး မှတ်တမ်းပဲရှိခဲ့တာ။ ဓာတ်ပုံ မှတ်တမ်းမရခဲ့ပါဘူး” ဟု အင်းတော် ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ပြော သည်။

အင်းတော်ကြီးဒေသတွင် ဆောင်းခို ငှက်များ မည်သည့်အချိန်တွင်စတင်ကျရောက်သည်၊ မည်သည့်အချိန်တွင် နောက်ဆုံး ပြန်လည်ထွက်ခွာသည် နှင့် မည်သည့်မျိုးစိတ်အသစ်များ လာရောက်ကျက်စားသည်တို့ကို သိပ္ပံ နည်းကျကျ လေ့လာမှတ်တမ်းတင် ရန်ရည်ရွယ်၍ လစဉ်ရေပျော်ငှက် စာရင်းကောက်ယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆောင်းရာသီတွင် ကမ္ဘာ့မြောက် ဘက်ခြမ်းမှ ငှက်မျိုးစိတ်များသည် အီကွေတာနှင့်နီးရာ အရှေ့တောင် အာရှ၊ တောင်အာရှ၊ အရှေ့အာရှနိုင်ငံ များရှိ ရေဝပ်ဒေသများသို့ ဆောင်းခိုရန် ပြောင်းရွှေ့ကျက်စားလျက်ရှိရာ ကမ္ဘာ ပေါ်တွင် ၎င်းတို့အသုံးပြုသောငှက် များ ပျံသန်းရာလမ်းကြောင်း ကိုးခုရှိ ကြောင်း၊ အဆိုပါ ကိုးခုအနက် မြန်မာ နိုင်ငံသည် ဗဟိုအာရှငှက်ပျံသန်းရာလမ်းကြောင်း(Central Asia Flyway)နှင့် အရှေ့အာရှ-သြစတြေးလျ ငှက်ပျံ သန်းရာလမ်းကြောင်း (East Asia Australia Flyway) နှစ်ခုတွင် ပါဝင် ကျရောက်ကြောင်း၊ အရှေ့အာရှ-သြစတြေးလျငှက် ပျံသန်းရာလမ်း ကြောင်းပေါ်ရှိ ရေဝပ်ဒေသများအချင်း ချင်းချိတ်ဆက်ကာ ဆောင်းခိုငှက်များ ထိန်းသိမ်းရန်အတွက် အဖွဲ့ဝင်များ ဖွဲ့စည်းခဲ့ရာ အဖွဲ့ဝင်ရေဝပ်ဒေသအဖြစ် မြန်မာနိုင်ငံတွင် အင်းတော်ကြီး အပါအဝင် ခြောက်ခု (မိုးယွန်းကြီး အင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့၊ နံ့သာကျွန်းနှင့် မေယုမြစ်ဝ၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော)ရှိပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၂၀၀၄ ခုနှစ်က ဘေးမဲ့ တောအဖြစ် အတည်ပြုသတ်မှတ်ခဲ့ ပြီး အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း၌ မျိုးသုဉ်းရန် အန္တရာယ်နှင့်ကြုံတွေ့နေရသော ဒေသ ရင်း ဆောင်းခိုရေပျော်ငှက်မျိုးစိတ် များ၊ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိ သည့် ဒရယ်မျိုးစိတ်များ၊ ပရိုင်းမိတ် မျိုးစိတ်များဖြစ်သည့် အရှေ့ပိုင်း မျောက်လွှဲကျော်၊ Shotridge Langur မျောက်မျိုးစိတ်များအတွက် အလွန် အရေးပါသည့် နေရာဒေသတစ်ခုဖြစ် နေ၍ နိုင်ငံတော်အဆင့်၊ ဒေသအဆင့်၊ ကမ္ဘာ့အဆင့် အရေးတကြီးထိန်းသိမ်း ရမည့် ဘေးမဲ့တောတစ်ခုဖြစ်ခြင်း ကြောင့် ၂၀၀၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် လည်း ကောင်း၊ ၂၀၁၄ ခုနှစ်တွင် အရှေ့အာရှ-သြစတြေးလျ ငှက်ပျံသန်းရာလမ်း ကြောင်းရှိ အရေးကြီးရေဝပ်ဒေသ အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့အဆင့် အရေးကြီး ရမ်ဆာရေဝပ် ဒေသအဖြစ်လည်းကောင်း၊ ၂၀၁၇ခုနှစ် တွင် ယူနက်စကို အသိအမှတ်ပြု လူသားနှင့် ဇီဝအဝန်းနယ်မြေ အစီအစဉ်အောက်ရှိ ဇီဝအဝန်းနယ်မြေ အဖြစ် လည်းကောင်း၊ ၂၀၁၉ ခုနှစ် တွင် Wetland Link international (Asia) - WLI Asia များအဖြစ်လည်း ကောင်း သတ်မှတ်ခံခဲ့ရကြောင်း အင်းတော်ကြီးတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရ သည်။ ပိန်းဇလုပ်သိန်းညွန့်

ဓာတ်ပုံ - အင်းတော်ကြီးဘေးမဲ့တော