အင်းတော်ကြီး

Listing Description

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးသဘာဝရေအိုင်ကြီးသည် အရှေ့တောင်အာရှတွင် တတိယမြောက်အကြီးဆုံးရေအိုင်ကြီးတစ်အိုင်ဖြစ်ပြီး အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခံထားရသည့် မြန်မာနိုင်ငံရှိ အကြီးမားဆုံး သဘာဝရေအိုင်ကြီးဖြစ်ပါသည်။ အကျယ်အဝန်းအားဖြင့် အလျား ၁၆ မိုင် အနံ ၈ မိုင်(မြန်မာ့စွယ်စုံကျမ်းတွင် အလျား ၁၄ မိုင် အနံ ၇ မိုင်) ရှိပြီး မြေကျွံအင်းအမျိုးအစားဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၄၆ ပေအမြင့်တွင် တည်ရှိပါသည်။ အင်းတော်ကြီးကို သမိုင်းဝင် တောင် ၃ လုံးအပါအဝင် တောင် ၁၆ လုံးဝန်းရံလျက်ရှိပါသည်။ တောင်များပေါ်မှ စီးဆင်းလာသော ချောင်းငယ် (၁၂) ခုမှာ အရပ်လေးမျက်နှာမှ အင်းတော်ကြီးအိုင်သို့ စီးဝင်ပါသည်။ အင်းတော်ကြီးဘေးမဲ့တောကို ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး (UNESCO Biosphere Reserve) ဇီဝအဝန်းနယ်မြေ တစ်ခုအဖြစ် ၂၀၁၇ ခုနှစ်တွင် စာရင်းသွင်းခဲ့ပါသည်။ ဘေးမဲ့ ဧရိယာ ဧက ၁၈၂၀၀၀ ခန့် တွင် ဧက ၃၀၀၀၀ ခန့် အင်းတော်ကြီးအိုင်မှ ပါဝင်ဖုံးလွှမ်းထားပါသည်။ ဘေးမဲ့တော အတွင်းတွင် တစ်ကမ္ဘာလုံး အတိုင်းအတာအရ မျိုးသုဉ်းမည့် အန္တရာယ်ရှိနေသော ငှက်မျိုးစိတ် ၁၀ ခု အပါအဝင် မြန်မာနိုင်ငံတွင်သာရှိသော ဒေသရင်းဖွား မြန်မာလေးကွက်လိပ် (Burmese peacock turtle) နှင့် ဒေသရင်းဖွား ငါးမျိုးစိတ် အများအပြား လည်းရှိပါသည်။ အင်းတော်ကြီးအိုင်အတွင်းတွင် သမိုင်းဝင် ရွှေမဉ္ဇူရေလယ်ဘုရား တည်ရှိပြီး ဘုရားပွဲတော်ကိုနှစ်စဉ် တပေါင်းလဆန်း(၈)ရက်နေ့မှ လပြည့်နေ့အထိ ၇ ရက်တိုင်တိုင်ကျင်းပလေ့ရှိသည်။ အင်းဘေးဝဲယာတွင် ကျေးရွာအုပ်စု ၁၁ စုနှင့် ရွာပေါင်း ၁၄ ရွာတည်ရှိပြီး တိုင်းလျန် ခေါ် ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်ကြကာ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း၊ ရွှေမှော်နှင့် ကျောက်မှော်လုပ်ငန်းများ လုပ်ကိုင်ကြပါသည်။