ဆေခေါင်းဖိတ်စေတီ (ခ) ကျားဖြူရှင်စေတီ

Listing Description

ကျားဖြူရှင်စေတီသည် ကချင်ပြည်နယ် မိုးညှင်းမြို့ မိုးဒါးစုရပ်ကွက် အတွင်း တည်ရှိပါသည်။ ကချင်ပြည်နယ်၏ သမိုင်းဒဏ္ဍာရီများ၌ အင်းတော်ကြီးအိုင် မဖြစ်ပေါ်မီတွင် အင်းတော်ကြီး တည်နေရာတွင် စည်ခမ်းဟုဆိုသော မြို့ကြီး တည်ရှိပြီး ယင်းမြို့ကြီးတွင် လူစစ်စစ်မှကျားသို့ ပြောင်းလဲသည့် ထမံသီအတတ်ပညာကိုတတ်မြောက်သော စောဖြူမင်း၏ သားတော် ကျားဖြူမင်းသား စောဆေးဖိတ်သည် ကျားဖြူဘဝနှင့် ကွယ်လွန်ပြီး ၎င်း၏ အရိုးများကို မိန်းယမ်းမြို့ (ယခု မိုးညှင်းမြို့) အရှေ့မြောက်ဒေါင့်အရပ်တွင် ဂူသွင်းတည်ထားခဲ့ကြသည်ဟု ဆိုကြပါသည်။ နောင်ကာလကြာသောအခါ သဒ္ဒါတရားရှိသူများက စေတီဟောင်းဖြစ်မည်ထင်၍ ဗုဒ္ဓမြတ်စွာ၏ ဓါတ်တော်မွေတော်များနှင့် ဆင်းတုတော်များ ဌာပနာ၍ စေတီအသစ် တည်ထားကြပြီး ယင်းစေတီကို ဆေခေါင်းဖိတ်စေတီ (ကျားဖြူစေတီ)ဟု ခေါ်ကြပါသည်။ ကျားဖြူစေတီသည် နှစ်ပေါင်းများစွာကြာလာသည်နှင့်အမျှ ပျက်စီးယိုယွင်းမှုဖြစ်လာကာ ချုံနွယ်ပိတ်ပေါင်းများအတွင်း ကွဲအက်ပြိုပျက်လျက်ရှိနေခဲ့ရာ ၁၂၈၀ ပြည့်နှစ်ဝန်းကျင်ခန့်တွင် ဆရာတော်ဦးဝိမလမှ ကျားဖြူစေတီတော် အပျက်အစီးမှ အုတ်များတွေ့ရှိကာ ၁၂၈၅ ခုနှစ်တွင် ဘုရားဒါယကာဦးဒွာရကပ်နှင့်ဘုရားအမကြီးဒေါ်မှုံတို့က ပြန်လည်တည်ထားခဲ့ကြပါသည်။ ဉာဏ်တော်အမြင့် အတောင် ၆၀ ရှိကျားဖြူစေတီတော်ကြီးတွင် အရံစေတီ ၁၂ ဆူ ဝန်းရံထားပါသည်။ အရပ်လေးမျက်နှာတွင် မုခ်တစ်မုခ်စီထားကာအဝင်ပေါက်တွင် ခြင်္သ့ကြီးနှစ်ကောင်ထုဆစ်ထားရှိပါသည်။ မူလစေတီတော်ဟောင်းမှရရှိသော အရိုးပြာနှင့် ရုပ်ပွားတော်များကိုလည်း ပြန်လည်ဌာပနာထားခဲ့ကြကြောင်းသိရပါသည်။