စွမ်ခမ်း(စွမ်တောင်း) စေတီတော်

Listing Description

စွမ်ခမ်း(စွမ်တောင်း) စေတီတော်သည် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ အမှတ်(၄) ရပ်ကွက်၊ နောင်တုံရေကန်၏ အရှေ့ဘက်ရှိ စွမ်တောင်း တောင်ပေါ်တွင် တည်ရှိပါသည်။ ကျိုင်းတုံမြို့၏ ကျက်သရေဆောင် စေတီတော်ကြီးဖြစ်ပြီး သာသနာသက္ကရာဇ် ၁၅၇ ခုနှစ်ခန့်တွင် တည်ထားခဲ့သည့် ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးဖြစ်ပါသည်။ ကောဇာသက္ကရာဇ် ၈၅၃ ခုနှစ်တွင် စေတီတော်ကြီးသည် ဥတုသုံးပါးဒဏ်ကြောင့် ပြိုလဲခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၈၇၁ ခုနှစ်တွင် ဆရာတော်(ဗုဒ္ဓရတ္တမထေရ်)နှင့် ကျိုင်းတုံစော်ဘွား (အတိတျရာဇာ)အမည်ရှိသော စော်ဘွားကြီးတို့က ပြန်လည်မွမ်းမံခဲ့ပြီး ထီးတော်ကိုရွှေဖြင့်ကွပ်၍တင်ထားခြင်းကြောင့် စွမ်ခမ်းစေတီတော်ဟုခေါ်ဆိုခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၈၈၁ ခုနှစ် စွမ်ဝိုးရွာသူဌေးကြီး သမီး နန်းသုဂန္ဒရကေသာက ပြန်လည်မွန်းမံတည်ဆောက်ခဲ့ပြီး ထီးတော်ကိုကြေးဖြင့် ကွပ်၍တင်ထားခြင်းကြောင့် စွမ်တောင်းစေတီဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ သက္ကရာဇ် ၁၂၆၆ ခုနှစ်တွင် ကျိုင်းတုံမြို့မြေငလျင်လှုပ်ခတ်မှုကြောင့် စေတီတော်ကြီးမှာပြိုကျပျက်စီးခဲ့ပြီး ၁၂၉၆ ခုနှစ်တွင် ပြုပြင်မွမ်းမံခဲ့ပါသည်။ ၎င်းနောက် သက္ကရာဇ် ၁၃၁၃ ခုနှစ်တွင် ကျိုင်းတုံစော်ဘွား ဆေတရပရမရေးပန္ဒ နှင့် ဆရာတော်သံဃာတော်များ၊ ကျိုင်းတုံမြို့ပြည်သူများဝိုင်းဝန်း၍ ပြန်လည်ပြုပြင်မွန်းမံခဲ့ပြီး ထီးတော်ကိုရွှေဖြင့်တင်ထားသဖြင့် စွမ်ခမ်းစေတီဟု ပြန်လည် သမုတ်ခဲ့ပါသည်။ ခေတ်အဆက်ဆက် မွမ်းမံပူဇော်ခဲ့ကြရာ ယခုအခါ ဉာဏ်တော်အမြင့်သည် ၂၂၆ ပေ ဖြစ်ပါသည်။