ရွှေဘုံသာခေါ်ဇာတ်ဘုရား

Listing Description

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့မှ အနောက်အရပ် ၁၀ မိုင်အကွာ မိတ္တီလာ-ကျောက်ပန်းတောင်းကားလမ်းဘေး မုန်တိုင်ကျေးရွာတွင် တည်ရှိသော ထီလာပုဂံဟုတင်စားခေါ်ဝေါ်ကြသည့် ရှေးဟောင်းဘုရားစေတီများထဲတွင် ရွှေဘုံသာခေါ် ဇာတ်ဘုရား အမည်ရှိ စေတီတော်တစ်ဆူ တည်ရှိပါသည်။ စေတီတော်၏ လိုဏ်အလယ်တွင် ဗောဓိမဏ္ဍိုင်ရှိပြီး မဏ္ဍိုင်လေးဘက် ပတ်လည်တွင် မုခ်ပေါက်ဝများသို့ မျက်နှာမူထားသည့် ထိုင်တော်မူ ဗုဒ္ဓ ရုပ်ပွားတော် လေးဆူရှိပါသည်။ ရုပ်ပွားတော်များ၏ ကျောဘက် နံရံတွင် ကုန်းဘောင်ခေတ်လက်ရာ ဆင်စွယ်ဝန်းယှက်ထားသည့် ညောင်ရွက်ကနုတ်ပန်း ဆေးရေးပန်းချီများရှိပါသည်။ လိုဏ်ပတ်လည်တွင်လည်း ပန်းချီကွက်များရှိရာ အပေါ်ဆုံးတန်းတွင် နှစ်ကျိပ်ရှစ်ဆူဘုရားများကိုလည်းကောင်း၊ ယင်းအောက်တွင် ဗုဒ္ဓဝင်လာ ဇာတ်ကွက်များကိုလည်းကောင်း၊ ယင်းအောက်၌ ဇာတ်ကြီးဆယ်ဘွဲ့လာ ဇာတ်ကွက်များကို လည်းကောင်း ရေးဆွဲထားပါသည်။ ဗုဒ္ဓဝင်ဇာတ်ကွက်များ၏ အောက်နံရံပေါ်တွင် နေမိဇာတ် သရုပ်ဖော်ပုံများကို ရေးဆွဲထားကာ မင်စာများပါ ရေးသားထားကြောင်း မြင်တွေ့နိုင်ပါသည်။ စေတီတော်လိုဏ်အတွင်း မြောက်ဘက်မုခ်နံရံတွင် ဘုရားလောင်း နိမိတ်ကြီးလေးပါးမြင်ပုံ၊ တောမထွက်မီ ယသော်ဓရာ၏အခန်းသို့ ဝင်ကြည့်ပုံ၊ မဟာဇနက္ကမင်းသား သင်္ဘောပျက်ပုံများကိုရေးဆွဲထားပါသည်။ ယသော်ဓရာပုံတွင် အမျိုးသမီးလေးဦး တူရိယာများ တီးမှုတ်နေပုံကို မြင်တွေ့နိုင်ကြပါသည်။ တစ်ဦးက စောင်းကိုတီးခတ်၍ တစ်ဦးက ညှင်းကိုမှုတ် ကာ တစ်ဦးက စည်းလိုက်နေပုံကို ရှားပါးသောရုပ်ပုံများအဖြစ် တွေ့မြင်နိုင်ပါသည်။