အန္တကူရေလယ်စေတီတော်

Listing Description

အန္တကူရေလယ်ဆုတောင်းပြည့်စေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ကျောက်ပန်းတောင်း-မိတ္ထီလာလမ်း၊ မိတ္ထီလာကန်ကူးတံတားလမ်း၏ တောင်ဘက် မိတ္ထီလာကန်အတွင်း တည်ရှိပါသည်။ အန္တကူရေလယ်ဘုရားတွင် နဂါးရုပ် ၄ ကောင် ထောင့်လေးထောင့်၌ ပါရှိပြီး ထိုနဂါးရုပ်များ၏ ခံတွင်းသို့ ရေသောက်လျှင် ကန်ရေပြည့်ဟု မှတ်သားခဲ့သည်ဟု မှန်းဆရပါသည်။ ရှေးက နဂါးရုပ်ပါ ရေမှတ်တိုင်ကို ပြုလုပ်ခဲ့ရာ ယခုအန္တကူဘုရားနဂါးရုပ်အား အစားထိုးခဲ့သည်ဟု မှန်းဆရပါသည်။ မြန်မာမင်းများ ပြုလုပ်ထားသော ရေကြည့်မှတ်တိုင်နဂါးရုပ်မှာ ကျောက်တံခါးရေလွှတ်တံခါးအတွင်းနှင့် ယခုစည်သူချောင်းအနောက်ဘက် ရန်ကုန်-မန္တလေးကားလမ်း၏ အနောက်ဘက်ကန်တွင်းတွင် ရှိခဲ့ကြောင်း မှတ်သားရဖူပါးသည်။ အန္တကူရေလယ်ဘုရားသည် နဂါးပါးစပ်မှအထက် ဉာဏ်တော် ၂၇ တောင်ခန့်ရှိပြီး စေတီတည်ထားပုံမှာ ရှစ်မျက်နှာဖြင့် တည်ထားရာ တစ်မျက်နှာလျှင် မုဒ်တံကဲ့တစ်ခုဖြင့် တည်ထားပါသည်။ စေတီ၏ထောင့် ရှစ်ထောင့်တိုင်းတွင် ဂြိုလ်တိုင်တစ်ခုကျစီအရုပ်များဖြင့် ပါရှိသည်။ အန္တကူစေတီကို အဝေးမှကြည့်လျှင် စေတီသုံးဆူရှိသည်ဟု အထင်ရှိသော်လည်း အရံစေတီနှစ်ဆူမှာ အန္တကူစေတီနှင့် တစ်ဆက်တည်းမဟုတ်ပါ။ သီးခြားတည်ထားကြောင်း တွေ့ရှိရပါသည်။ အရံစေတီတစ်ဆူမှာ အန္တကူစေတီ၏ အရှေ့တောင်ဘက် ၁၂ ပေခန့်အကွာတွင် တည်ရှိပြီး ဘွဲ့တော်မှာ ဗုဒ္ဓဇယမင်္ဂလာစေတီတော်ဟု နှောင်းခေတ်လက်ရာစာသားကို တွေ့ရှိရပါသည်။ ဉာဏ်တော်အမြင့်မှာ နဂါးကိုယ်လုံးတော်မှအထက် ၁၈ တောင်ခန့်ရှိပါသည်။ အခြားအရံစေတီတစ်ဆူမှာ ဘွဲ့အမည်စာများ ဖတ်မရတော့ပါ။ ထိုအရံစေတီသည် အန္တကူစေတီ၏ အနောက်မြောက်ဘက် ရှစ်ပေခန့်အကွာ ရေထဲ၌ သီးခြားတည်ရှိပြီး ဉာဏ်တော်အမြင့်မှာ နဂါးပါးစပ်အထက်မှ ကိုးတောင်ခန့်ရှိပါသည်။ အန္တကူစေတီတော်၏ တောင်ဘက် ၁၅ ပေခန့်အကွာ ကျောက်ခုံအဝိုင်းပေါ်တွင် ရှင်ဥပဂုတ္တရုပ်ထုတော် တည်ရှိပါသည်။