နဂါးရုံမဟာဗောဓိစေတီတော်

Listing Description

နဂါးရုံမဟာဗောဓိစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်တွင်  တည်ရှိပါသည်။ ပုဂံခေတ် နရပတိစည်သူမင်းတည်ထားသည်ဟုဆိုပြီး နဂါးရုံဘုရားမှာ ယခု ကန္နားကျောင်းအဝင် ဘယ်ဘက်ဘေးတွင်ရှိပါသည်။ ဂူဆန်ဆန်ဆောက်လုပ်ထားသော စေတီတော်အတွင်းတွင် ဗုဒ္ဓရုပ်ပွားတော်ရှိခဲ့သည်။ မဟာဗောဓိစေတီတော်ကြီးအောက်ရှိ နဂါးရုံဘုရားနှင့် မဟာဗောဓိစေတီတော်ကြီးမှာ အဲဟေးဂျီဘုရားကျောင်းတော်ကြီးမှ ဂျပန်ဘုန်းတော်ကြီး မိနာမိဇာဝါဒိုးဂျင်ရိုးရှိ ကြီးမှူး၍ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကျဆုံးသွားကြသော ရဲဘော်များအား ရည်စူး၍ ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ စေတီတော်အနီးတွင် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်တပ်ဖွဲ့ အသုံးပြုခဲ့သည့် တင့်ကားငယ် တစ်စီး၏ အစိတ်အပိုင်းတစ်ခုကိုလည် တွေ့မြင်နိုင်ပါသည်။ ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံ၌ရှိသော ဂျပန် အမှတ် ၁၅ တပ်မတော်နှင့် အမှတ် ၃၃  တပ်မတော်တို့၏  ဗဟိုဌာနချုပ်ဖြစ်ခဲ့သည့် မိတ္ထီလာ ဒေသသည် မဟာ မိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဂျပန်စစ်သည်များ အများအပြား ကျဆုံးခဲ့ရာ ဒေသဖြစ်သည်။ ယနေ့ကာလတွင် ဂျပန်နိုင်ငံသားတချို့သည် ဒုတိယကမ္ဘာစစ်ကာလ အတွင်းက  ဂျပန်တပ်မတော်မှ  ဆွေမျိုးဘိုးဘေး ဘီဘင်တို့ခေါင်းချခဲ့ရာ၊ ဘိုးဘေးတို့၏ ဝိဉာဉ်များ နားခိုရာ မိတ္ထီလာဒေသဆီသို့ အခါအခွင့်သင့်တိုင်း လာရောက် ဂါရဝပြုကြသည်။ နဂါးရုံ စေတီတော်လိုဏ်ဂူအတွင်းရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအား ဖူးမြော်ကြည်ညိုခြင်း၊ ဒုတိယက္ဘာစစ်လက်ကျန် တင့်ကားငယ်၏ အစိတ်အပိုင်းကို ကြည့်ရှု လေ့လာခြင်းတို့ပြုကြပါသည်။ နဂါးရုံ မဟာဗောဓိစေတီတော်တွင် နှစ်စဉ် နဂါးရုံမဟာဗောဓိစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒအားခံယူပြီး မသိုးသင်္ကန်းပြိုင်ရက်လုပ်ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပါသည်။