ကျောက်တော်ကြီးဘုရား (အမရပူရ)

Listing Description

အမရပူရမြို့မှတောင်ဘက် ၃ မိုင်ခန့်ကွာဝေးသော တောင်သမန် အနောက်တောင်ရွာနှစ်ရွာအကြားတွင် တည်ရှိပါသည်။ စကျင်တောင်မှ ကျောက်တော်ကြီးတစ်တုံးကို စစ်ကိုင်းမင်းက မြန်မာသက္ကရာဇ် ၁၁၉၂ ခုနှစ်တွင် အင်းဝသို့ သယ်ဆောင်ပြီး ဆင်းတုတော်ထုလုပ်ကာ မဟာသကျရံသီဟု ဘွဲ့တော်ပေး၍ ဘုံကျော်ကျောင်းတိုက်ရှေ့ရှိ တန်ဆောင်းတော်၌ ပူဇော်ထားရှိခဲ့သည်။ ဘကြီးတော် စစ်ကိုင်းမင်း ထုလုပ်ခဲ့သည့်ကျောက်တော်ကြီး ဆင်းတုတော်ကို ပုဂံမင်းက အင်းဝမှ အမရပူရသို့ မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် ဝါခေါင်လဆုတ် ၆ ရက် (၁၈ - ၈ - ၁၈၄၉) တွင် ပင့်ဆောင်ပူဇော်ခဲ့ရာ တောင်သမန်ကျောက်တော်ကြီးဟု ထင်ရှားပါသည်။ ရုပ်ပွားတော်၏ ဉာဏ်တော်သည် ၁၁ တောင် ၂ မိုက် ၄ သစ်၊ စမ္မခဏ်ထိပ် ၈ တောင် ၄ သစ်၊ ထက်ဝယ်တော် ၇ တောင်၂ မိုက် ၄ သစ်၊ ဒူးတော်နှစ်ဖက် အကျယ် ၄ တောင် ၁ မိုက် ၄ သစ်၊ ပလ္လင်တော်လုံးပတ် ၂၁ တောင် ၁ မိုက် ၄ လေးသစ်၊ လက်မောင်း လုံးပတ်တော် ၃ တောင် ၂ မိုက် ၂သစ် ဖြစ်သည်။ ရုပ်ပွားတော် သီတင်းသုံးနေသည့် လိုဏ်စေတီသည် ဖိနပ်တော် အချင်း ၈၉ တောင်၊ အမြင့် ၇၇ တောင် ၆ မိုက်၊ အာရုံခံလိုဏ် သံတောင် ၂၀၊ လှေကား ၁၀ တောင်၊ ကွန်ကရစ်ကြမ်းခင်း အတောင် ၂၀ ရှိသည်။ ပုဂံရှိ အာနန္ဒာစေတီတော် လိုဏ်ပုံစံ တည်ဆောက်ထားကာ အဝင်မုခ်ပေါက် လေးခု၏ တစ်ဖက်စီတွင် မုခ်ပေါက်ငယ်များ ပြုလုပ်ထားပြီး ယင်း အပေါက်များမှလည်း လိုဏ်အတွင်းသို့ ဝင်ရောက်နိုင်သည်။ မုခ်ပေါက်လေးခုတွင် ပုဂံမင်းကြီး လှူဒါန်းခဲ့သည့် ကျောင်း၊ ကန်၊ သိမ် ၊ ဥမင်ပုံ နံရံဆေးရေးပန်းချီများကို ရေးဆွဲထားရာ ယင်းပုံများကို မူလအနေအထားအတိုင်းနီးပါး တွေ့ရှိလေ့လာနိုင်ပါသည်။

အသေးစိတ်ဆက်လက်ဖတ်ရှုရန် ဤနေရာကိုနှိပ်ပါ