သိကြားဟစ်ဘုရား

Listing Description

သိကြားဟစ်ဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၏ အရှေ့မြောက်ဘက်၊ ဝက်ကြီးအင်းရွာ၏ တောင်ဘက်တွင် တည်ရှိပါသည်။ ပုဂံရာဇဝင်တွင် ကွမ်းဆော်ကြောင်ဖြူအား သိကြားမင်းက မင်းမြောက်တန်ဆာ၊ အရိဒ္ဒမာလှံ၊ သီလဝံဓားနှင့် မြင်းတို့ကိုပေးပြီး ယခု သိကြားဟစ်ဘုရားနေရာသို့ သွားရောက်ရပ်တန့်၍ ပုဂံဘက်သို့လှည့်ကာ "မင်းလောင်းလာပြီဟေ့…. ကြိုကြလော့" ဟူ၍ ဟစ်ကြွေးလေရာ ပုဂံပြည်သူတို့ကြားလျှင် မင်းမျှော်ရာဇာဘုရားတည်ရှိရာ နေရာအထိထွက်၍ ကြိုကြသည်ဟု ဆိုပါသည်။ နောင်တွင် သိကြားရပ်တန့်ဟစ်ကြွေးခဲ့သည့်နေရာအား ကောင်းမှုရှင်တစ်ဦးက ထိုအထိမ်းအမှတ်အဖြစ် ဘုရားတည်ထားရာ သိကြားဟစ်ဘုရားဟု ဘွဲ့မည်ပေးခဲ့ခြင်းဖြစ်ပါသည်။ သိကြားဟစ်ဘုရားသည် ၁၂ ရာစုလက်ရာ အရှေ့ဘက်မုခ်လှည့် ကွမ်းတောင်ပေါက် တစ်ထပ်ဂူ ဂူဘုရားတစ်ဆူဖြစ်ပြီး အပေါ်သို့တက်ရန် လှေကားတစ်စင်းရှိသည်။ ဂူအတွင်း၌ ရုပ်ပွားဆင်းတုတော်တစ်ဆူရှိပါသည်။