ဆရာကြီးဦးစောနုကို ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် ကျောက်ဖြူမြို့နယ် မဒေးကျွန်း၊ ပြိန်းချောင်းကျေးရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်း ၅ ဦးအနက် အငယ်ဆုံးဖြစ်သည်။
ရခိုင့်ဂီတအနုပညာရှင် ဦးစောနုသည် နိုင်ငံကျော် တေးသံရှင် တင်ဇာမော်၊ စည်သူလွင်၊ ချောစုခင်၊ ဟဲလေး၊ နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီနေတိုးနှင့် ရခိုင့်နာမည်ကြီးအဆိုတော် ဝင်းကိုခိုင်တို့ အပါအဝင် ဂီတအနုပညာရှင်ပေါင်း မြောက်မြားစွာကို မွေးထုတ်သင်ကြားပေးခဲ့သူဖြစ်သည်။ ယင်းအပြင် ဂီတမျိုးဆက်သစ်များအတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း အဆိုသင်တန်း၊ ဂစ်တာသင်တန်းနှင့် အော်ဂင်သင်တန်းများကို သင်ကြားပို့ချပေးခဲ့သည်။
ဆရာကြီးဦးစောနုသည် ၁၉၆၃ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ပန်တျာအနုပညာ ကျောင်း၌ ဝင်ခွင့်စာမေးပွဲ အောင်မြင်ခဲ့ပြီး ရုရှားနိုင်ငံမှ ဂီတပညာသင်ဆု ခေါ်ယူရာတွင် လျှောက်ထားအောင်မြင်သွားခဲ့သည်။
၁၉၆၅ ခုနှစ်တွင် ရုရှားနိုင်ငံသို့ ဂီတပညာသွားရောက်သင်ယူခဲ့ကာ ၆ နှစ်ကြာသင်ယူပြီးနောက် Bachelor Of Music ဘွဲ့ကိုရယူခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လာခဲ့ကြောင်း သိရသည်။ (NN-8)
ရခိုင့်ဂီတအနုပညာရှင် ဦးစောနုသည် အသည်းကင်ဆာရောဂါဖြင့် ၂၀၂၃ ခုနှစ် ဧပြီ ၄ ရက် ညနေတွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။
Photo - U Saw Nu Vocal class facebook