ရွှေကျီးနားစေတီတော်

Listing Description

ရွှေကျီးနားစေတီတော်သည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ရွှေကျီးနားရပ်ကွက်အတွင်း အိုက်ခေါတော်စေတီတော်နှင့် ကပ်လျက်တည်ရှိပါသည်။ သမိုင်းအရ စမ္ပာနဂိုရ်ပြည့်ရှင် စိတ္တရာဇာမင်းကြီးနှင့် သားတော် ဝိလာသမင်းသားတို့သည် သီရိဓမ္မာသောကမင်းကြီးထံမှ ရရှိသော ဓာတ်တော်လေးဆူကို ဌာပနာ၍ စေတီလေးဆူတည်ခဲ့ကြရာ ဓမ္ပာနဂိုရ်ကောင်းစင့် နေပြည်တော် တာပိန်မြစ်ကမ်းဦး၌ ရွှေကျီးနားစေတီတော်၊ မန်မော် (ယခုဗန်းမော်)မြို့၌ ရွှေစေတီ (ခ) သိမ်မဟာစေတီ၊ ကောင်းတုံမြို့၌ ရွှေစည်းခုံစေတီ၊ ဟားခမ်း (ခ) ငဆောင်ချမ်းမြို့၌ မြစေတီတော်တို့ဖြစ်သည်။ ယခင်ကစေတီတော်တည်ရှိရာနေရာမှာ တာပိန်မြစ်ကမ်းဦးတွင်ဖြစ်သော်လည်း ဘိုးတော်ဗဒုံမင်းလက်ထက် ၁၈၁၈ ခုနှစ်တွင် ရွှေကျီးနားစေတီတော်တည်ထားရာ တာပိန်မြစ်ကမ်းဦးမှာ ရေတိုက်စားခံရသဖြင့် စေတီတော် ပြိုပျက်ကျမည်စိုးသောကြောင့် တာပိန်မြစ်နှင့် အနည်းငယ် အလှမ်းဝေးသော အိုက်ခေါတော်စေတီတော်အနီးသို့ ပြောင်းရွှေ့တည်ထားပြီး ဗန်းမော်မြို့ဝန် ဦးအိုးမှ အုတ်မုခ်၊ အုတ်လှေကား၊ အုတ်ပြဿဒ်၊ တန်ဆောင်းတို့ကိုပါ ထည့်သွင်းလှူဒါန်းခဲ့သည်ဟု သိရပါသည်။ ၁၉၄၄ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် မဟာမိတ်တို့၏ ဗုံးဒဏ်ကြောင့် စေတီတော်၏ ခေါင်းလောင်းနားအထိ ပျက်စီးခဲ့ပြီး ၁၉၄၇ ခုနှစ်မှစ၍ ရွှေကျီးနားဂိုဏ်အုပ် ဆရာတော် ဦးနန္ဒဝံသ ကြီးမှူး၍ ပြန်လည်ပြုပြမွမ်းမံခဲ့ရာ ၁၉၄၉ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် မူလထီးတော်ကို ရွှေ၊ ကျောက်တို့ဖြင့် မွမ်းမံ၍ ထီးတော်တင်လှူခဲ့ပါသည်။ ရွှေကျီးနားစေတီတော်ကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ် တပေါင်းလဆုတ် ၂ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။