ဇလုံတောင်စေတီတော်

Listing Description

ဇလုံတောင်တော်သည် စစ်ကိုင်းတိုင်းဒေသကြီး ၊ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင်တည်ရှိပြီး ဗန်းမောက်မြို့မှမြောက်ဘက် ၁၂ မိုင်၊ ၂ ဖာလုံ ခန့်အကွာ တောမြိုင်လယ်တွင်တည်ရှိပါသည်။ နှစ်စဉ်ဆောင်းရာသီနှင့် နွေရာသီ ကာလတွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးတို့စုံညီစွာလာရောက်ဖူးမြော်ကြသည်။ ဗန်းမောက်မြို့မှ မြေသားကားလမ်း အတိုင်းကားဖြင့်သွားကြရသည်။ ဇလုံတောင်သို့တက်ရာတောင်တက်လမ်း တစ်လျှောက်တွင် တယ်ပင်ပြန့်စခန်းသည် ဘုရားဖူးတို့အဆင်းနှင့်အတက် နားခိုရာ ငြိမ်းချမ်းသော ရပ်ဝန်းတစ်ခုဖြစ်ပြီး နားခိုသူတို့အတွက် ရေချိုးစရာနှင့် အပန်းဖြေ စားသောက်စရာ စားသောက်ဆိုင် တန်းများ စုံလင်ပါသည်။ ထိုတယ်ပင်ပြန့်စခန်းသည် တောင်ပေါ်သို့ တက်ရောက် လာကြသော ကားများ၏ အဆုံးအစခန်းလည်းဖြစ်သည်။ ဒေသန္တရဗဟုသုတကို လေ့လာရှာမှီးကြသော ဘုရားဖူးများမှာ တယ်ပင်ပြန့်မှ တောင်ထိပ်ပေါ်သို့တက်ရောက်ရာတွင် အုတ်လှေကားမှတစ်ဆင့် တက်ရောက်ကြရပြီး အချို့နေရာများမှာ လွန်စွာကျဉ်းမြောင်းကာ အချို့နေရာများတွင် မတ်စောက်သည်။ ဇလုံတောင် ဝန်းကျင်၌ ကမ္ဘာ့အံ့စရာတစ်ခုနှယ်မြင်တွေ့ကြရသော ကျောက်မဏ္ဍပ်ကြီး ရှိပါသည်။ ကျောက်မဏ္ဍပ်ဆိုသည်မှာ တောင်ထိပ်တွင် အလျား ၈၀ ပေ၊ အနံ ၇၀ ပေခန့်ရှိ ကျောက်ဖျာကြီးတစ်ချပ်က မဏ္ဍပ်အမိုးကြီးတစ်ခုသဖွယ် အုပ်မိုးထားခြင်းများဖြစ်သည်။ ကျောက်ဖျာကြီး အုပ်မိုးထားသည့်အပေါ်တွင် ကျောက်မဏ္ဍပ် ဆုတောင်းပြည့်စေတီငယ်တစ်ဆူနှင့် ကြေးခေါင်းလောင်းတစ်ခုရှိပါသည်။ ထိုကျောက်မဏ္ဍပ်၌ ရှေးပဝေသဏီနှစ်ပရိစ္ဆေဒကတည်းက ယခုအချိန်အထိ မြင်တွေ့နေရဆဲဖြစ်သော ကျောက်ဆန်အိတ်ကြီး များကလည်း အံ့ဩစရာကောင်းပါသည်။ ဇလုံတောင်စေတီတော်ကို ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၃၀၉၀ အမြင့်ရှိတောင်ပေါ်တွင် သံတောင်အားဖြင့် ၄၄၄တောင် ပေအားဖြင့် ၆၆၆ ပေအမြင့်ရှိသော ကျောက်တောင်ထိပ်ပေါ်၌ ကြည်ညိုဖွယ်ရာ ဖူးမြော်မြင်တွေ့နိုင်ပါသည်။ သက္ကရာဇ် ၄၉၂ ခုနှစ်တွင် အရှင်ဓမ္မဒဿီအမည်ရှိ အရှင်အရဟံနှင့် တပည့် အရှင်အာစာရမထေရ်မြတ်နှစ်ပါးသည် ဂေါဒေါပလ္လင် ဇလုံတောင်သို့ ကြွရောက်တော်မူပြီး ဣစ္ဆာသယလိုတရချမ်းသာကြီး အောင်တော်မူ၊ အောင်ဆုယူစေတီများကို ဦးစွာပထမတည်ထားကိုးကွယ်ခဲ့ကြောင်း သိရှိရပါသည်။ ဘုရားသမိုင်းအကျဉ်းတွင် ဂေါတမမြတ်စွာ ဘုရားသခင်သည်  သာသနာနှစ် ၁၂၃ ခု၊ ဝါတော် ၂၆ ဝါတွင် သိကြားမင်းဖန်ဆင်းသော နတ်ပန်းရထား ၅၀ဝ ဖြင့် ရဟန္တာ ၅၀ဝ ခြံရံပြီး ကောင်းကင်ခရီးဖြင့်ကြွချီလာခဲ့သည်။ အရှေ့ ဧရာဝတီနှင့် အနောက်သလ္လာဝတီမြစ်နှစ်လီတို့၏ အလယ်ဗဟိုကျရာ ဂေါဒေါပလ္လင်တောင် တော်နေရာတွင် ဧရာပထနတ်နဂါးမင်း သားအဖတို့၏ တောင်းပန်လျှောက်ထားမှုကြောင့် ခုနစ်ရက် သီတင်းသုံးခဲ့ကာ နဂါးမင်းသားအဖ လှူဒါန်းသောဆွမ်းကို ဘုန်းပေးသုံးဆောင် တော်မူခဲ့သည်။ ကျန်ရှိသော ဆွမ်း၊ ဆွမ်းဟင်း များကို စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ ရတနာများဖြစ်စေကြောင်း ဆုတောင်းအဓိဋ္ဌာန်ပြုလျက် တောင်၏ ဝဲယာရှေ့နောက်များသို့ စွန့်ကြဲပက်ဖျန်းခဲ့သည်။ ဤကျောက်တောင်မှာ ငါးဆူမြောက် အရိမေတ္တယျဘုရား တရားဦးဟောကြားမည့်နေရာဖြစ်သည်ဟု ဘုရားသမိုင်းကျောက်စာ၌ ဖော်ပြထားပါသည်။ ဤကျောက်တောင်ကို ဘုရားပွင့်မည့်သလွန်တော်ဟုခေါ်ခဲ့ပြီး နောင်တွင် ဒေသခံများက ဇလုံမှောက်ထားသည်နှင့်တူ၍ ဇလုံတောင်ဟုခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဇလုံတောင်တော်၏တောင်ခြေရင်းတွင် ဘုန်းကြီးကျောင်းများ၊ ဇရပ်များ၊ သိမ်များ၊ တည်းခိုဆောင်များဖြင့် စည်ကားစွာ တည်ရှိပါသည်။