ခြင်္သေ့သုံးဆယ်စေတီ (သားဆုပန်စေတီ)

Listing Description

စစ်ကိုင်းတောင်ရိုး ရှင်ပင်နန်ကိုင်းဘုရား၏ အနောက်ဘက် ပြာပုံတော်ဘုရား၏ အရှေ့ဘက်တွင် တည်ရှိပါသည်။ အင်း၀ မိုးညှင်းမင်းတရားလက်ထက် သီရိလင်္ကာနိုင်ငံမှ အရှင်သီရိသဒ္ဓမ္မာလင်္ကာရ နှင့် အရှင်သီရိသီဟဃသာမိတို့သည် မှန်ကူဘုရားကုန်းပေါ်၌ ကျောင်းဆောက်သီတင်းသုံး နေထိုင်ကြစဉ် ထိုသီဟိုဠ်ရဟန်းတော် နှစ်ပါးတို့၏ တပည့်ဒကာတစ်ဦးက ခြင်္သေ့သုံးဆယ်စေတီတော်ကို တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ ဘုရားဒကာသည် အရှင်နှစ်ပါးကဲ့သို့ ဗောဓိဆုပါ ရပါစေသား၊ အထူးအားဖြင့် တပည့်တော်များနှင့်တကွ သားသမီးရလိုသူတိုင်း သားသမီး ထွန်းကားပါစေသား ဟူ၍ သစ္စာအဓိဌာန်ပြု ဆုတောင်းခဲ့သည်။ ထိုသစ္စာအဓိဌာန်ပြုချက်အရ စေတီတော်မှာ ခြင်္သေ့ရုပ်ပေါင်း ၆၀ ရှိရာ အနောက်ဘက်မျက်နှာရှိ အလယ်ခြင်္သေ့ရုပ်မှာ လူသား ကလေးငယ်လေး ပိုက်ထားသည်။ ယခုအခါ သားသမီးရလိုသူတိုင်းက ဤဘုရားသို့ လာရောက်ပူဇော်ကြပြီးလျှင် လင်ယောက်ျားက ခြင်္သေ့ရုပ်ပေါ်မှ လောင်းချလိုက်သည့်ရေကို ဇနီးဖြစ်သူက ခွက်တစ်ခုခုနှင့်ခံယူပြီး ထိုရေကို အဓိဌာန်ဆုပန်၍ သောက်သုံးပါက သားသမီးများ ထွန်းကားလာတတ်ကြောင်း သိရပါသည်။ စေတီတော်၏ဘွဲ့တော်မှာ ခြင်္သေ့သုံးဆယ်စေတီဟူ၍ လည်းကောင်း၊ သားဆုပန်စေတီဟူ၍လည်းကောင်း၊ ရှစ်ထောင့်ချိုးစေတီ တည်ထားသောကြောင့် ရှစ်ထောင့်ချိုးစေတီဟူ၍ လည်းကောင်း အမည်သုံးမျိုးဖြင့် ထင်ရှားပါသည်။