ဥမင်ကိုးဆယ်ဘုရား

Listing Description

ဥမင်ကိုးဆယ်ဘုရားသည် စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတောင်ရိုး အရိယဝံသချောင်၏ အနောက်မြောက်ထောင့်တွင် တည်ရှိပါသည်။ ဥမင်ကိုးဆယ်ဆိုသည်မှာ ဘုရားကိုးဆယ်ဂူဟု ဆိုလိုပြီး ၁၂၉၃ ခုနှစ်တွင် ဥမင်ခြောက်ဆယ်ဘုရား၊ ၁၃၃၀ ပြည့်နှစ်တွင် ဥမင်ကိုးဆယ်ဘုရားအဖြစ် အဆင့်ဆင့်ပြောင်းလဲလာခဲ့သည်ဟု သိရပါသည်။ပထမ အင်းဝခေတ် အလယ်ခန့်တွင် နန်းတက်သော အင်းဝဘုရင် သတိုးမင်းခေါင်သည် ဆင်တော်စီး၍ ကြွရောက်လာပြီး စစ်ကိုင်းတောင်ရိုး အရိယဝံသချောင်၌ အရှင်အရိယဝံသ ဆရာတော်ဘုရားကြီးအား ဝင်ရောက် ဖူးမြှော်ခိုက်တွင် ဘုရင် သတိုးမင်းခေါင် စီးလာသော ဆင်တော်သည် ကျောင်းရှေ့၌စိုက်ထားသော မဟာဗောဓိညောင်ပင်မှ ညောင်ရွှက်တို့ကို နှာမောင်းဖြင့် စားသုံးလိုက်သဖြင့် ညောင်ပင်စောင့် ရုက္ခစိုးမှ ဖမ်းစားလိုက်ရာ ဗောဓိပင်မြောက်ဘက် တွင် ကျောက်ရုပ်ကဲ့သို့အသေလို အသွင်ပြောင်းသွားခဲ့သည်။ ထို့နောက် အရှင်အရိယဝံသ ဆရာတော်၏ မေတ္တာရေစင် တန်ခိုးတော်ကြောင့် ဆင်တော်မှာ အကောင်းပကတိအတိုင်း ပြန်ဖြစ်လာသဖြင့် အင်းဝဘုရင် သတိုးမင်းခေါင်သည် ဆင်၏ တန်ဖိုး နှင့်ညီမျှသော အသပြာငွေလှူဒါန်းသော်လည်း ဆရာတော်ကြီးမှ လက်မခံပဲ နောင်လာနောက်သားများ အမှတ်ရသတိပြုဆင်ခြင်နိုင်ရန် စေတီတော် ၄ဆူကို တည်ထားပူဇော်ရန် မိန့်တော်မူသဖြင့် ဆင်၏ တန်ဖိုးနှင့် တွက်ချက်ပြီး စေတီတော် ၄ ဆူတည်ထားခဲ့သည်။

ဆင်ဖြူတော် တန်ဖိုးနှင့် သင့်ပြီး ဆင်ဘိုးဘုရားဟု ခေါ်ဆိုသည့် စေတေီများမှာ

၁။ အရိယဝံသချောင်၏ အရှေ့မြောက်ထောင့်ဟံသာဂီရိ ကုန်းတော်ပေါ်ရှိ ဟံသာဂီရိဆင်ဘိုးစေတီ

၂။ အရိယဝံသချောင်၏ အနောက်မြောက်ထောင့် ဥမင်ကိုးဆယ် ဆင်ဘိုးစေတီ

၃။ အရိယဝံသချောင်၏ အနောက်တောင်ထောင့် ကုန်းတော်တွင် မဟာအတုလမုနိဆင်ဘိုးစေတီ

၄။ အရိယဝံသချောင်၏ အရှေ့တောင်ထောင့် အရှေ့မှန်ကျောင်းတည်ရှိသော ဝတ်ရုံတောင်ပေါ်တွင် တည်ရှိသော ဆင်ဘိုးစေတီ ဖြစ်ပါသည်။