ရန်အောင်မြင်ဆုတောင်းပြည့်စေတီတော်

Listing Description

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ် (၁) ရပ်ကွက်၊ မန္တလေး-လားရှိုးကားလမ်းအနီးတွင် တည်ရှိပြီး လားရှိုးမြို့၏ ရှေးအကျဆုံးစေတီများထဲတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ စေတီတော်ကို သက္ကရာဇ် ၉၁၂ ခုနှစ်တွင် ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးက သိန္နီ၊ သီပေါအား ယူနန်မြို့စားသိမ်းထားသဖြင့် စစ်ချီလာစဉ် အောင်မြေနေရာ၌ တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ မူလစေတီတည်ထားစဉ်က စေတီတော်သည် ဉာဏ်တော်အမြင့်ပေ၂၀ ရှိသည်ဟု သိရသည်။ စေတီတော်သည် နှစ်ကာလကြာမြင့်သည့်အလျောက် ဘုရားငုတ်တိုအဖြစ် ပြိုကျပျက်စီးခဲ့ပြီး ချုံနွယ်ပိတ်ပေါင်းများဖြင့် ဖုံးအုပ်လျက် တိမ်မြုပ်ပျောက်ကွယ်နေခဲ့ရာမှ ၁၉၇၇ ခုနှစ်တွင် ပြန်လည်ဖော်ထုတ်၍ ယခုလက်ရှိ တွေ့မြင်ဖူးမြော်ရသော စေတီတော်ကို ပြန်လည်တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၇၂ ပေရှိပါသည်။