မန်ဆူစေတီတော်

Listing Description

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက်အမှတ် (၁၂)၊ သိန္နီလမ်းမကြီး၏ အရှေ့ဘက်တွင် တည်ရှိသော မန်ဆူစေတီတော်ကြီးသည် လားရှိုးမြို့၏ သမိုင်းဝင်ထင်ရှားသော ဆုတောင်းပြည့် စေတီတော်ကြီးဖြစ်ပါသည်။ စေတီတော်မြတ်ကြီးကို ကောဇာသက္ကရာဇ် ၁၁၄၅ ခုနှစ်၊ သိန္နီနယ်အစု ရှမ်းစော်ဘွားကြီးသုံးဦးမှ တည်ထားကိုးကွယ်ခဲ့ပါသည်။ မန်ဆူဆိုသည်မှာ ရှမ်းဘာသာစကားဖြစ်ပြီး မြန်မာအဓိပ္ပာယ်မှာ “မြန်မာတို့နှစ်သက်သောနေရာ”ဟု အဓိပ္ပာယ်ရပါသည်။ စေတီတော်သည် ဆောင်းတန်းအမြင့် ၁၁၇ ပေ၊ ရင်ပြင်အကျယ် ပေ ၃၀ နှင့် အနံ ၁၆၉ ပေ ကျယ်ဝန်းကာ ဉာဏ်တော် ၁၀၈ ပေရှိပါသည်။ ဂန္ဓကုဋီတိုက်ခံ ပစ္စယံသုံးဆင့်ဖြင့် အဝိုင်းပုံမဟုတ်ဘဲ ရှစ်မြှောင့်ပုံခံထားပါသည်။ အရပ်ရှစ်မျက်နှာ နေ့နံလိုက်၍ မုဒ်ရှစ်မုဒ်ရှိပြီး ဆုတောင်းပြည့်ဆင်းတုတော်ကို အရှေ့ဘက်မုဒ်လိုဏ်ဂူတွင် ဖူးမြော်နိုင်ပါသည်။ ဘကြီးတော်မင်းလက်ထက်တွင် ပညာရှိအမတ်ကြီး ဦးပေါ်ဦးမှ မန်ဆူစေတီတော်မြတ်ကြီးကို ဉာဏ်တော်မြှင့်၍ ပြုပြင်မွမ်းမံခဲ့ပါသည်။ မန်ဆူစေတီတော်ကြီးရှိ ခေါင်းလောင်းမှာ ဦးပေါ်ဦးအမည်ဖြင့် ရေးထိုးထားသည့် ခေါင်းလောင်းဖြစ်သည်ဟု သိရှိရပါသည်။ ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်း ကိုးကွယ်လာခဲ့ရာ ယခုအခါ လားရှိုးမြို့၏ ကျက်သရေဆောင် စေတီတော်မြတ်ကြီး အဖြစ် ဖူးမြော်နိုင်ပါသည်။