သီရိ သီဝ ရှန်ခိုက်ကျောင်းတော်

Listing Description

ရှန်ခိုက်ဘုရားကျောင်းသည် ဟိန္ဒူဘာသာဝင်များ အထူးအလေးထားကိုးကွယ်သည့် ပေါ်တော်မူ သီရိ သီဝ ဘုရားကျောင်းတော်ဖြစ်ပြီး လာရှိုးမြို့နယ်၊ မန်းပွဲကျေးရွာနှင့် နန်းမျှော်ဘူတာအကြား ရှန်ခိုက် မီးရထားရပ်စခန်းအနီး လားရှိုး-သီပေါ ကားလမ်းဘေးတွင် တည်ရှိပါသည်။ သျှီဝ ရှန်ခိုက် နတ်ဘုရားကို ခရစ်နှစ် ၁၉၀၃ ခုနှစ် ဗြိတိသျှလက်ထက်တွင် အူဒီယားအနွယ်ဝင် ဟိန္ဒူများမှ မန္တလေး-လာရှိုး မီးရထားလမ်းဖောက်လုပ်ရန် ကျောက်မိုင်းခွဲရာမှ ကျောက်ဆောင်၌ လက်ဝါးသဏ္ဌာန်ပေါ်နေကာ အနီးအနားတွင် ပေါ်တော်မူသီဝဘုရားဆင်းတုကို တွေ့ရကြောင်း ဘုရားကျောင်းသမိုင်းတွင် ဖော်ပြထားသည်။ လက်ဝါးသဏ္ဌာန်မှာ ဆသီးမယ်တော်၏ လက်ပွားတော်ဖြစ်ကြောင်း ယနေ့တိုင်လက်ခံထားကြသည်။ လက်ဝါးသဏ္ဌာန်အောက်တည့်တည့်မှ  စီးဆင်းနေသည့် ကြည်လင်သည့်ရေများသည် မည်သည့်နေရာမှ အစပြုလာမှန်းမသိဘဲ ကျောက်ဆောင်များကြားမှ ကျဆင်းနေသည်။ ကျောင်းတော်ကြီး၏ တောင်ဘက် ကပ်လျက်တွင် ဉာဏ်တော်ပေ ၅၀ အမြင့် ရှိသော သီရိသျှီဝ ဘုရား ရုပ်ပွားတော်မြတ် တည်ထားကိုးကွယ်ထားပါသည်။ မြွေကျောင်းဆောင်ရှိ သျှီဝနတ်ဘုရားသင်္ကေတဖြစ်သော မြွေရုပ်တုတွင် အမွေးနံ့သာပန်းဆီမီးများဖြင့် ပူဇော်ထားလျက် လူမျိုးဘာသာပေါင်းစုံမှ ဆုတောင်းသူများဖြင့် စည်ကားလျက်ရှိပါသည်။ ထို့ပြင် ဘုရားကျောင်းဝန်းနှင့် မနီးမဝေးရှိ သာယာလှပသော ရှန်ခိုက်ရေတံခွန်တွင်လည်း အနားယူအပန်းဖြေနိုင်ပါသည်။ ဟိန္ဒူဘာသာဝင်များ၏ ရှန်ခိုက်ဘုရားပွဲတော်ကို နှစ်စဉ် မတ်လ ၂ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပပြီး မြန်မာနိုင်ငံ အနှံ့အပြားမှ ဟိန္ဒူဘာသာဝင်များအပြင် အခြားဘာသာဝင်များပါ ငြိမ်းချမ်းစွာ အတူတကွပါဝင်ဆင်နွှဲလျက်ရှိပြီး ပွဲတော်မှာ မြန်မာနိုင်ငံတွင်သာမက နိုင်ငံရပ်ခြားသို့ပါ ပေါ်တော်မူ သီရိ သီဝ ရှန်ခိုက်ကျောင်းတော်ကြီး မဟာသျှီဝရာတြိဘုရားပွဲတော်ကြီးဟု ထင်ရှားပါသည်။