ဝိဇယမာန်အောင်ကြေးစေတီ

Listing Description

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး ပရိဝုဏ်အတွင်း တည်ရှိပါသည်။ သက္ကရာဇ် ၁၂၈၆ ခုနှစ် တန်ခူးလတွင် သီပေါအုန်းဘောင်လေးမြို့နယ် စော်ဘွားကြီးဆာစောချယ်က  စခန်းသာဒေသရှိ စေတီဂီရိတောင်ထိပ် ယခင်တည်ထားသောဝါဠုကရှေးဟောင်းစေတီကို ငုံ၍ ရှစ်ထောင့်ကြေးစေတီတော်ကြီး တည်ဆောက်လှူဒါန်းလိုသဖြင့် သီပေါ၊သုံးဆယ်၊ မိုင်းတုံ၊ မိုင်းလုံလေးမြို့နယ်မှ နယ်သူနယ်သားများကို အလှူရှင်များအဖြစ်ပါဝင်စေပြီး ကြေးပိဿာချိန် ၂၄၃၅ ပိဿာလှူဒါန်း ရရှိခဲ့သည်။ ကြေးစေတီသွန်းလုပ်ရန် မန္တလေးတောင် ရသေ့ကြီး ဦးခန္တီထံအပ်နှံပြီး မန္တလေးတောင်ပြင် (တမ္ပဝတီ) မှ ပန်းတဉ်းဆရာများကို သွန်းလုပ်စေသည်။ ထိုအချိန်တွင် စော်ဘွားကြီး ကွယ်လွန်သွားသဖြင့် သားတော် စောအုံကြာ (M.A) က ဆက်လက်တာဝန်ယူဆောင်ရွက်ခဲ့သည်။ လက်ခငွေ ၇၀၀၀ ကျော်ကုန်ကျပါသည်။ စေတီတော်သည် ပထမ ပစ္စယံကြေးပိဿာချိန် ၂၃၈၃ ပိဿာ၊ ဒုတိယ ၇၁၀ ပိဿာ၊သပိတ်မှောက်ကြေးချိန် ၆၂၄ ပိဿာ၊ ငှက်ပျောဖူးကြေးချိန်၃၄၈ ပိဿာ၊ အပေါက်အပဲ့ပါသောကြေးချိန် ၄၅ ပိဿာ၊ကြေးချောင်းမှိုချိန် ၅၁ ပိဿာ၊ အရောင်ထွက်ရန်စပ်သောသွပ်ချိန် ၁၉၂၄ ပိဿာ၊ စုစုပေါင်းကြေးချိန် ၆၁၀၃ ပိဿာရှိကြောင်း သိရသည်။ ကြေးသွန်းပုံများ အဆင့်ဆင့်ပြီးစီး၍ မန္တလေးမြို့မှ စခန်းသာဒေသအထိ စေတီတော်ကို ရထားဖြင့်ပင့်ဆောင်ပြီး စေတီယဂီရိတောင်ထိပ်ရှိ အသင့်ပြုလုပ်ပြီး ဖိနပ်တော်၊ ပန်းတင်ခုံသို့ ဝါဠုကစေတီဟောင်းကို ငုံ၍ အဆင့်ဆင့်တည်ထားခဲ့သည်။ သက္ကရာဇ် ၁၂၉၆ ခုနှစ် ကဆုန်လပြည့်နေ့တွင် ထီးတော်တင်လှူပူဇော်ခဲ့ပြီး “ဝိဇယမာန်အောင်ကြေးစေတီ” ဟု ဘွဲ့တော်သမုတ်ဆက်ကပ်ခဲ့သည်။ စေတီတော်တည်ရှိရာ စေတီယဂီရိတောင်သည် အချိန်းကာလကြာမြင့်လာသည်နှင့်အမျှ တောခေါင်၍ စောင့်ရှောက်သူကင်းဝေးလာသဖြင့် စခန်းသာ ပြောင်ခေါင်းတိုင်ပိန္နဲကုန်းကျောင်းတိုက် ရွာဦးကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တဝိမလအရှင်သူမြတ်က သီပေါလေးမြို့ဂိုဏ်းချုပ်ဆရာတော်အမှူးရှိသော ဆရာတော်၊ သံဃာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းတိုင်ပင်လျက် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီးပရိဝုဏ်တနင်္ဂနွေထောင့်သို့ ၁၃၃၁ ခုနှစ် တပို့တွဲလပြည့်ကျော် ၈ ရက်တွင် ပင့်ဆောင်ခဲ့သည်။ ထိုသို့ပင့်ဆောင်ပြီးနောက် ၁၃၃၃ ခုနှစ် နတ်တော်လဆန်း ၁၄ ရက် (၁-၁၂-၁၉၇၁) ဗုဒ္ဓဟူးနေ့တွင် ပန္နက်တင်အုတ်မြစ်ချ မင်္ဂလာဆင်ယင်ကျင်းပခဲ့ပြီး ၁၃၃၅ ခုနှစ် ကဆုန်လဆန်း ၁၄ ရက် (၁၅-၅-၁၉၇၃) အင်္ဂါနေ့တွင် ထီးတော်တင်လှူပူဇော်ခဲ့သည်။ ယခုလက်ရှိ ဖူးမြော်ရသော ကြေးစေတီတော်ကို အခြံအရံဂြိုဟ်တိုင်ရှစ်တိုင်၊ ဂြိုဟ်ပြေနံပြေ ဘုရားတို့ဖြင့် ၁၃၆၆ ခုနှစ် ပြာသိုလဆန်း ၁၁ ရက် ကြာသပတေးနေ့ (၂၀-၁-၂၀ဝ၅) နေ့တွင် ပန္နက်တင်မင်္ဂလာပြု၍ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် အရှင်ပညာသီရိနှင့် အလှူရှင်များက အသစ်တစ်ဖန် တည်ဆောက်လှူဒါန်းခဲ့ပါသည်။