သီပေါ နမ့်ဟူးနွဲ့ဒေသကို ခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေ

Listing Description

သီပေါ   ဇန်နဝါရီ   ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း    သီပေါ မြို့နယ် မန်ဟဲကျေးရွာအုပ်စု နမ့်ဟူးနွဲ့ ကျေးရွာသည် မန္တလေး၊ သီပေါ၊ လာရှိုး၊ မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်၌ တည်ရှိပြီး သဘာဝအရင်းအမြစ်များ နှင့်  ကျောက်စိမ်းမြဆင်းတုတော်၊ သာယာလှပသော ရေတံခွန်များ တည်ရှိသဖြင့် လူများစိတ်ဝင်စားပြီး ဘုရားဖူးရင်း  အပန်းဖြေစရာနေရာ တစ်ခုအဖြစ်ထင်ရှားကာ လာရောက် သူများ   များပြားလျက်ရှိကြောင်း သိရသည်။

ယခုအခါ ကိုဗစ်-၁၉ ကာလ အတွင်း လူစုလူဝေးမဖြစ်စေရေး အတွက် ယာယီပိတ်ထားရာမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကြိုတင် ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ အကန့်အသတ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

နမ့်ဟူးနွဲ့အထက်ကျေးရွာ ရွာဦး ဘုန်းကြီးကျောင်းတိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာသာမိ အရှင်သူမြတ်သည် ဘုရားဖူးများ အခက်အခဲမရှိစေရန် ရည်ရွယ်၍ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားဆင်းတုတော် များ စံပယ်ရာသို့ အမြင့် ခြောက်ပေ၊ အရှည် ၁၀၁၂ ပေရှိ လူကူးတံတားကို လည်းကောင်း၊ ကျောက်စိမ်းမြဆင်းတု တော်  ဖူးမြော်ရန်  အမြင့် ၇၅ ပေရှိ မှန်တံတားကို လည်းကောင်း၊ သဘာဝ ရေတံခွန်များကို အပန်းဖြေကြည့်ရှု နိုင်ရန်နှင့် ရေချိုးနိုင်ရန်တို့ကို လည်းကောင်း၊ ခရီးသွားလုပ်ငန်းအဖြစ် ပိုမိုထင်ရှားလာစေရန် ဆရာတော်က ဦးဆောင်ဦးရွက်ပြုကာ တပည့် ဒါယကာ၊ ဒါယိကာမများက အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ သဘာဝအရင်းအမြစ်များ နှင့်   ပြည့်စုံလျက်ရှိသည့်   နမ့်ဟူးနွဲ့ ဒေသကို   ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းနှင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်တာဝန်ခံ(လားရှိုး) နှင့် မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းလေ့လာ ကြည့်ရှုကြသည်။

အဆိုပါ ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ပေးခြင်းအားဖြင့် ကျေးရွာရှိ ဒေသခံပြည်သူများ လူမှုစီးပွားရေး တိုးတက်လာမည်ဖြစ်ပြီး မြို့နယ် အနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်မှု တစ်ခု ရရှိလာမည်ဖြစ်သည်။ လာရောက်လည်ပတ်သည့် ခရီးသွား များအနေဖြင့်  သီပေါမြို့နယ်၌ရှိသော ရှမ်းတိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ဓလေ့ထုံးတမ်း များကို တွေ့မြင်လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

စိုင်း(သီပေါ)