မဟာမြတ်မုနိဘုရားကြီး (သီပေါ)

Listing Description

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၏ သာသနာ့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးကို သီပေါမြို့တောင်ဘက် ကုန်းမြင့် သာသနဝတ္တက မြေတော်တွင် တည်ထားပါသည်။ ဧရိယာအကျယ်အဝန်း ၂၄.၄၂၉ ဧက ရှိပါသည်။ မူလဘုရား ဒါယကာ - ဒါယိကာ များမှာ - သီပေါစော်ဘွားကြီးခွန်ကြာထွန်း၏ သားတော် ကမ္ဘောဇရဋ္ဌ မဟာဝံသ သိရီပဝရ သုဓမ္မရာဇာ ဘွဲ့ရ (၈၅) ဆက်မြောက် စော်ဘွားကြီး စဝ်ကြာခိုင် (ခ) စဝ်ခွန်ဆိုင် နှင့် အမတော်ဘုရား ခင်သူဇာ (ခ) အရီးတော်ထိပ်ခေါင်တင် တို့ ဖြစ်ပါသည်။ မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးနှင့် နောင်တော် ညီတော်အဖြစ် အနီးစပ်ဆုံး ပုံစံတူကူးယူ၍ မြေတိုင်းအမတ်ကြီး ဦးကြိုင်ကို ပန်းတဉ်းဝန်ခန့်ကာ ဂန္ဓကုဋိတိုက်တော်၊ ပြာသာဒ် စုလစ်မွန်းချွန်၊ အာရုံခံတန်ဆောင်း တို့ဖြင့် ၁၂၅၇-ခု ဝါဆိုလပြည့်ကျော် (၅) ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ ကြေးချိန် - ၄၇၇၉ ပိဿာ-၁၅ ကျပ်သား ၊ ငွေချိန် - ၂၆ ပိဿာ ၊ ရွှေချိန် - ၂ ပိဿာ-၂၅ ကျပ်- ၂ ပဲ ၊ စရိတ်တော် (ငွေဒင်္ဂါး) ၉၅၅၈ - ကျပ်- ၆ ပဲ ၊တို့ဖြင့် သွန်းလောင်းပူဇော်ခဲ့ပါသည်။ ၁၂၆၄ - ခုနှစ်တွင် မဟာမြတ်မုနိ မကိုဋ်တော်ကို တင်လှူခဲ့ပါသည်။  မူလဘုရား ဒါယကာ စော်ဘွားကြီး စောကြာခိုင်၏ သားတော် (၈၆)ဆက်မြောက် ကမ္ဘောဇရဋ္ဌ မဟာဝံသ မဟာရာဇာ ဘွဲ့ခံ စော်ဘွားကြီး ဆာစောချယ်က အရီးတော်နှင့်အတူ ၁၂၈၆ - ခု ပထမဝါဆိုလဆန်း (၁၅) ရက်နေ့မှ စ၍ ရွှေမကိုဋ်တော် လှူရန်စီစဉ်ရာ ၁၂၉၀ - နယုန်လတွင် လှူဒါန်းနိုင်ခဲ့ပါသည်။ မဟာရာမ်တံတိုင်းနှင့်  ရေကန်တော်တို့ကိုလည်း အများကောင်းမှုဖြင့် ပူဇော်ခဲ့ပါသည်။ ထို့ပြင် ပေ ၄၀ ပတ်လည် အမြင့် ၂၅-ပေ ထု ၅ ပေရှိသော ဂန္ဓကုဋိတိုက်တော်မြတ်ကို အတွင်းအပြင် ရွှေပိန်းချ ပူဇော်ခဲ့ပါသည်။ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၄ ရက်များတွင် မြို့နယ်လုံးကျွတ် သံဃဒါနဆွမ်းလောင်းပွဲကို အငြိမ့် ၊ ပြဇာတ် ၊ ရှမ်းရိုးရာ ကပွဲများနှင့် စည်ကား သိုက်မြိုက်စွာ ကျင်းပကြပါသည်။ ပွဲတော်ရက်အတွင်း မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်အား ရွှေသင်္ဃန်းဖြင့် လွှမ်းခြုံပူဇော်ပါသည်။