ရှမ်းသမိုင်းသုတေသီဆရာကြီး ဦးစိုင်းအောင်ထွန်း အနားယူသွားပြီ

Listing Description

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၅ ရက် နံနက် ဖေ့စ်ဘွတ် စာမျက်နှာတွင် မြန်မာသမိုင်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ (ငြိမ်း) ဆရာကြီး ဦးစိုင်းအောင်ထွန်း ကွယ်လွန်သွားကြောင်းဖတ်လိုက်ရရာ မြန်မာ့ သမိုင်းသုတေသန နယ်ပယ်အတွက်သာမက ရှမ်းသမိုင်း၊ ရှမ်းစာပေ။ ရှမ်းယဉ်ကျေးမှု သုတေသနနယ်ပယ်အတွက်ပါ အစားထိုး၍ မရသော ဆုံးရှုံးမှု၊ နိုင်ငံတော်၏ဆုံးရှုံးမှုတစ်ရပ်ဟု တွေးမိပါသည်။ ဆရာကြီးသည် ရှမ်းသမိုင်း ရှမ်းရေးရာအဖြာဖြာကို ကမ္ဘာသုံး အင်္ဂလိပ်ဘာသာဖြင့် စာအုပ်စာတမ်းများ ပြုစုရေးသားခဲ့ရာ ပြည်တွင်းသာမက ပြည်ပရှမ်းသုတေသီများအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုဟု ဆိုနိုင်ပါသည်။

ဆရာကြီး ဦးစိုင်းအောင်ထွန်းကို ၁၉၃၂ ခုနှစ် ဇူလိုင် ၃ ရက် (တနင်္ဂနွေနေ့)တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၌ အဘ ဦးစံမိုး၊ အမိ ဒေါ်နန်းထွန်းတို့မှ မွေးဖွားသည်။ ဗုဒ္ဓဘာသာ ရှမ်းတိုင်းရင်းသားဖြစ်သည်။ ၁၉၅၂ ခုနှစ် မတ်လ မက်ထရစ်စာမေးပွဲကို သီပေါမြို့ အစိုးရအထက်တန်းကျောင်းမှ အောင်မြင်သည်။ ၁၉၅၂ မှ ၁၉၅၇ ခုနှစ်တိုင် ရန်ကုန်တက္ကသိုလ်၌ ပညာသင်သည်။ ၁၉၅၇ ခုနှစ်တွင် သမိုင်းအထူးပြုဖြင့် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ (ဂုဏ်ထူး)ဘွဲ့ရသည်။ ၁၉၅၇ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန် တက္ကသိုလ် သမိုင်းဌာန၌ နည်းပြအဖြစ် အမှုထမ်းသည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒင်ဗာတက္ကသိုလ်၌ ဆက်လက်ပညာသင်သည်။ ၁၉၆၀ ပြည့်နှစ်တွင် နိုင်ငံတကာဆက်ဆံရေး ပညာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ရသည်။ ၁၉၆၀ မှ ၁၉၇၀ ပြည့်နှစ်တိုင် တောင်ကြီးကောလိပ်၊ မန္တလေးတက္ကသိုလ်၊ မကွေးကောလိပ် သမိုင်းဌာနများ၌ လက်ထောက်ကထိကအဖြစ် အမှုထမ်းသည်။ ၁၉၇၂ ခုနှစ်တွင် မြစ်ကြီးနားကောလိပ် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ပေးအပ်ခံရပြီး ၁၉၈၀ ပြည့်နှစ်တိုင် ထမ်းဆောင်သည်။ မြစ်ကြီးနားကောလိပ်ကျောင်းအုပ်ကြီး တာဝန် ထမ်းဆောင်နေစဉ် မိုးကောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ၁၉၈၀ ပြည့်နှစ် တွင် ရန်ကုန်နိုင်ငံခြားဘာသာသိပ္ပံကျောင်း ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့အမှုထမ်းသည်။ ၁၉၈၅ ခုနှစ်တွင်ကျောင်းအုပ်ကြီးရာထူးမှ အငြိမ်းစားယူသည်။

အငြိမ်းစားယူပြီး ၁၉၈၅ ခုနှစ်မှာပင် သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရ သည်။ ၁၉၈၅ မှ ၁၉၈၈ ခုနှစ်တိုင်သီပေါမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နိုင်ငံတော်ကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင် သည်။ ၁၉၉၆ ခုနှစ် ဩဂုတ် ၈ ရက်တွင် မြန်မာသမိုင်းအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရာ ဒုတိယဥက္ကဋ္ဌ (၂)အဖြစ်ခန့်အပ်ခံရပြီး ၂၀၀၈ ခုနှစ်တိုင် တာဝန်ထမ်းဆောင်သည်။ မြန်မာသမိုင်းအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေစဉ် ၂၀၀၄ ခုနှစ် မေလတွင် ကျင်းပသော အမျိုးသားညီလာခံ၌ ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ သည်။ ၂၀၀၄ ခုနှစ်တွင် ကျရောက်သော မြန်မာသမိုင်းအဖွဲ့ ရွှေရတုအထိမ်းအမှတ် ပုံနှိပ်ထုတ်ဝေရေး ကော်မတီဥက္ကဋ္ဌအဖြစ် သုတေသနစာတမ်းနှင့် အဖွဲ့ဝင်များ၏ လက်ရွေးစင် စာတမ်းစာအုပ် များ ဦးဆောင်ထုတ်ဝေသည်။ ။

ဆရာကြီးသည် နိုင်ငံတော်၏ တာဝန်ပေးအပ်ချက်အရ နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခဲ့ရသော်လည်း ပညာရှင်လောက တွင် ပျော်မွေ့၍ ပညာကို တစ်သက်တာလေ့လာလိုက်စားခဲ့သော ပညာရှင်တစ်ဦးဖြစ်သည်။ အထူးသဖြင့် ကမ္ဘာသုံးအင်္ဂလိပ်ဘာသာ စကားကို ပိုမိုအားသန်၍ အထူးပြုပညာရပ်နယ်ပယ် ရှမ်းသမိုင်း၊ ရှမ်းစာပေ၊ ရှမ်းဓလေ့ထုံးတမ်းဆိုင်ရာ သုတေသနစာတမ်း၊ စာအုပ် များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုသည်။ ပြုစုပုံနှိပ်ပြီး လုံးချင်းစာအုပ်လေးအုပ်မှာ ၁၊ Selected Writings of U Sai Aung Tun(2004)၊ ၂၊ History of the Shan State : From its origins to 1962၊ ၃၊ Shan Legends (2014) ၄၊ Taikhamti Legends & Law (2018)တို့ဖြစ်သည်။ ဤစာအုပ် လေးအုပ်အနက် လက်ရွေးစင် စာတမ်းများ(၂၀၀၄)မှာ ရှမ်းသုတေသနစာတမ်း ၁၀ စောင်နှင့် နန်းဓလေ့ ဝေါဟာရများကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ဝေါဟာရအဘိဓာန် (စာ ၂၁၇-၄၆၇) အဖြစ် စုစည်းထားသည်။ ဒုတိယမြောက် ရှမ်းသမိုင်း (၂၀၀၇) သည် ဂုဏ်ယူဖွယ် ရှမ်း သုတေသနကျမ်းတစ်စောင်အဖြစ် ပညာရှင်လောကတွင် ထင်ရှား လှပါသည်။ တတိယမြောက်ရှမ်းပုံပြင်များ (၂၀၁၄) မှာ ထိုနှစ် အတွက် အမျိုးသားစာပေဆု၊ အင်္ဂလိပ်ဘာသာဖြင့် သုတပညာရပ် တွင် ဆုချီးမြှင့်ခံရသည်။ စတုတ္ထမြောက် “တိုင်ခန်းတီပုံပြင်များနှင့် ဥပဒေ(၂၀၁၈)” တွင် အပိုင်းနှစ်ပိုင်းပါ၍ ပထမပိုင်းမှာ လူထုဦးလှ၏ တိုင်ခန္တီးရှမ်းပုံပြင်များ အင်္ဂလိပ်ဘာသာပြန်ဖြစ်သည်။ ဒုတိယပိုင်းမှာ ခန္တီးလုံ (ပူတာအို)ရှိ ရှမ်းဓလေ့ထုံးစံဥပဒေတို့ကို အင်္ဂလိပ် ဘာသာဖြင့် ပြုစုထားသည်။

ဆရာကြီးသည် လူပုဂ္ဂိုလ်အားဖြင့် ရိုးသားဖြူစင်၍ ဗုဒ္ဓဘာသာကို လေးလေးနက်နက် သက်ဝင်ယုံကြည်ပြီး လက်တွေ့ လေ့လာလိုက်စားသူတစ်ဦးဖြစ်သည်။ ပညာရှင်တစ်ဦးအနေဖြင့် သုတေသနနှင့် ပညာလေ့လာဆည်းပူးသူ လူငယ်များအပေါ် အမြဲ ကူညီအားပေး၍ ကိုယ်တိုင်လည်း သုတေသနလုပ်ငန်းများ မမောမပန်း ဆောင်ရွက်တတ်သူ တစ်ဦးဖြစ်သည်။ သမိုင်းကော်မရှင်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေစဉ်မှာပင် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေး ဌာန၌ အချိန်ပိုင်းပါမောက္ခ၊ ပြင်ပစာစစ်အဖြစ် ပညာဖြန့်ဝေခဲ့သည်။ ဆရာကြီး၏ ပညာဂုဏ်ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တက္ကသိုလ်က ဆရာကြီးအား ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ချီးမြှင့်ခဲ့သည်။

ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု (ရန်ကုန်) နာယက ဆရာကြီးဦးစိုင်းအောင်ထွန်း (၁၉၃၂-၂၀၂၀) သည် အသက် ၈၉ နှစ်အရောက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၅ ရက် နံနက် ၅နာရီခွဲတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၃၃၊ အင်ကြင်းမြိုင်လမ်းသွယ် ၅၊ သုဝဏ္ဏနေအိမ်၌ ထာဝရအနားယူ သွားပါပြီ။ ဆရာကြီး ကောင်းရာသုဂတိ ရောက်မည်မှာ မလွဲပါပေ။

မောင်ဇေယျာ

မြက်ရိတ်ပြီး ကျောင်းနေခဲ့သူ