ဘော်ကြိုဘုရား

Listing Description

ဘော်ကြိုဘုရားသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် သီပေါမြို့၏ အနောက်ဘက်ခြမ်း မန္တလေး၊ လားရှိုး၊ မူဆယ်သွား ပြည်ထောင်စု လမ်းမကြီးနှင့် မီးရထား လမ်းအကြား ဒုဋ္ဌဝတီမြစ် မြောက်ဘက်အရပ် ဘော်ကြိုရွာကြီး(ဘော်ကြိုရွာဟောင်း)တွင် တည်ရှိပါသည်။ ဘော်ကြိုဘုရားကြီးတွင် စေတီတော်နှင့်ရုပ်ပွားတော်များပေါင်း၍ ဘော်ကြိုဘုရားဟု အများပြည်သူတို့ သိရှိကြသော်လည်း စေတီတော်၏ ဒါယကာနှင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ၏ဒါယကာများမှာ တစ်ဦးစီဖြစ်ကြပြီး တည်ထားကိုးကွယ်ထုလုပ်လှူဒါန်းခဲ့ကြသော နှစ်များလည်း ကွာခြားလျက်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီးမှ သာသနာသက္ကရာဇ် ၂ဝဝ နှင့် ၃ဝဝ အကြား ရှမ်း၊ ပလောင်၊ ကချင်၊ ဗမာ၊ မွန်၊ ရခိုင်စသည့် တိုင်းရင်းသားလူမျိုးစု ပေါင်းစုံ၏ လုပ်အားဒါနဖြင့် စေတီတော်ကို ရေကန်အလယ်တွင် ရွှေ၊ ငွေ၊ ကြေး၊ အုတ်ရိုးတို့ဖြင့် မြေစိုက်ပန္နက်တော်ချ၍ မွေတော်စစ်ကို ဌာပနာလျက် တည်ထားကိုးကွယ်ခဲ့သဖြင့် စေတီတော်၏ဘွဲ့တော်မှာ မုဋ္ဌောစေတီဖြစ်ပြီး ပြည်ထောင်စု ဘုရားကြီးဟုလည်း ခေါ်ဆိုနိုင်ပါသည်။ ဘုရားကြီး၏မုခ်လေးမုခ်တွင် ကိုးကွယ်ထားသည့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်လေးဆူ၏ ဘုရားဒါယကာမှာ နရပတိစည်သူမင်းကြီးဖြစ်ပါသည်။ ဘော်ကြိုဘုရားကြီး၏ မုခ်လေး မုခ်တွင် တိုင်းရင်းသားဗုဒ္ဓနွယ်ဝင်များ ကိုးကွယ်ရန် ရှမ်းပြည်နယ် တစ်ခွင်သို့ နရပတိစည်သူမင်းကြီးက ဗုဒ္ဓလက်ဆောင်အဖြစ် သာသနာထွန်း ကားပြန့်ပွားရန် ရည်သန်၍ စံကားကိုးပိုင်း ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်လှူဒါန်းခဲ့ပါသည်။ သက္ကရာဇ် ၁၂၉၀ မှ ၁၃၀၀ ပြည့်နှစ်အတွင်း သီပေါစော်ဘွားကြီး စောအုံကြာသည် မန္တလေးတောင် ရသေ့ကြီး ဦးခန္တီနှင့် ပူးပေါင်း၍ မူလစေတီတော်အား ရှေးမူလက်ရာမပျက် ထိန်းသိမ်းခဲ့ပါသည်။ ခရစ်နှစ် ၁၉၆၇-ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၂၈-ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် သီပေါနယ်သူနယ်သားများ၊ အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ စုပေါင်း၍ စေတီတော်ကို ထီးတော်တင်လှူခဲ့သည်။ စေတီတော်၏ အခြေမှ စိန်ဖူးတော်အထိ ဉာဏ်တော် ၁၀၀ ပေ ရှိပါသည်။ ပရဝုဏ်အတွင်း မြောက်ဘက်အာရုဏ်ခံ တန်ဆောင်းအနီး စကားပင်ကြီးမှာ ထီးထီးမားမား တည်ရှိနေပါသည်။ မဟာရံတံတိုင်းပေါ်တွင် တည်ထားသော စေတီငယ်များက တင့်တယ်သော အသရေကို ဆောင်လျှက်ရှိပါသည်။