ရွှေပလ္လင်မှော်စေတီတော်

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကမ်းနားလမ်းတွင်တည်ရှိပါသည်။ သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်မင်းကြီး၏မိဖုရားဖြစ်သော ပန်ထွာမိဖုရားကြီးက သာသနာတော်နှစ် ၁၂၇ ခုနှစ် (ဘီစီ ၄၁၇)တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်ကြီး တည်ထားရာကုန်းမြေသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊တပေါင်းလဆန်း ၁၂ ရက်၊ တနင်္ဂနွေနေ့၌ ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်လေးဆူနှင့် မွေတော်ရှစ်ဆူတို့ ပင့်ဆောင်လာရာတွင် ခေတ္တရပ်နားအပူဇော်ခံသည့် ဆံတော်ကြိုဆိုရေးဒုတိယမြောက် စခန်းနေရာဖြစ်သည်ဟု မှတ်သားရသည်။ စေတီတော်၏ ပထမဒါယကာ ပန်ထွာမိဖုရားကြီးနောက်ပိုင်း ဒုတိယဒါယကာမှာ ပြည်ဘုရင်သီဟသူဖြစ်ပြီး ၎င်း၏နောက်တွင် မျက်နှာရှည်မင်း၊ ဆင်ဖြူရှင်သတိုးမင်းစော၊ သတိုးဓမ္မရာဇာ၊ သာလွန်မင်းနှင့် ဘိုးတော်ဘုရားစသည်ဖြင့် မင်းအဆက်ဆက်ပြုပြင်တည်ဆောက်ခဲ့ကြပါသည်။ ခရစ်နှစ် ၁၈၆၂ ခုနှစ်မှ စ၍ ရဟန်းရှင်လူပြည်သူအပေါင်းမှ ပြုပြင်တည်ဆောက်ခဲ့ရာ ခေတ်သစ်လက်ရာဖြင့် အလွန် ကြည်ညိုဖွယ်ကောင်းလှသော "ရွှေပလ္လင်မှော်စေတီတော်"အဖြစ် ဖူးမြင်တွေ့ရပါသည်။ စေတီတော်၏ပုံသဏ္ဌာန်မှာ လေးထောင့်ပစ္စယာလေးဆင့်ပေါ်တွင် စေတီလုံးပေါက်ထားပြီး အောက်ခြေပစ္စယာပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်များပါရှိသော မုခ်ပေါက်ငယ်ရှစ်ခုရှိ၍ စေတီရံရှစ်ဆူ ပါရှိပါသည်။